နေပြည်တော် ဇူလိုင် ၂ဝ

 

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်အုပ်စု ရှစ်အုပ်စုခွဲ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်များပြည့်စုံခြင်း ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အသင့်စားမုန့် အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောသည်။

 

အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား သေချာစွာမဖော်ပြထားဘူးဆိုရင် ဝယ်ယူစားသုံးသူအနေဖြင့် ဓာတ်မတည့်သည့်ပစ္စည်းတွေ ပါ၊ မပါဆိုတာ ခွဲခြားမသိနိုင်ဘဲ အသက်အန္တရာယ်ဖြစ်နိုင်တဲ့အတွက် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ရန်၊ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်လိုကြောင်း ၎င်းကပြောသည်။

 

စစ်ဆေးလျက်ရှိ

 

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူပြည်သူများနှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်တိုက်များ၊ ဈေးများနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ရက်သတ္တပတ်အလိုက်၊ လအလိုက် စစ်ဆေးလျက်ရှိသည်။

 

စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိပါကတိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center(1535) သို့ တိုင်ကြားနိုင်သည်။

 

စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

TMK