မြန်မာဘောလုံးအသင်းများ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ရန် ဆောင်ရွက်နေ

ရန်ကုန်   မတ်   ၂၃

မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုး သမီး ဘောလုံးအသင်းတို့သည် (၃၁) ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။

မြန်မာ ယူ -၂၂ အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီတွင် နိုင်ငံတကာခြေစမ်းပွဲ သို့မဟုတ် ပြည်ပလေ့ကျင့်ရေး ခရီးစဉ် သွားရောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းအသင်းများ ခြေစမ်းပွဲကစားနိုင်ရန် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအပေါ် မူတည် ၍ ဆောင်ရွက်လျက်ရှိပြီး ဧပြီလအတွင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲများကို ဖွင့်ပွဲအခမ်းအနား ရက်ထက်စော၍ ပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသားဘောလုံး ပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်အဖြစ် သတ်မှတ်ထားသော်လည်း အသက်ကျော်ကစားသမား သုံးဦး အသုံးပြုခွင့်ရမည်ဖြစ်ကာ အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုမူ လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ် သည်။

မြန်မာ ယူ-၂၂ အသင်းသည် မတ်လဆန်းတွင် ပြန်လည်လေ့ကျင့်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ကိုင်တွယ်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံ၌ကျင်းပသည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစတင်ကာ ပဏာမကစားသမား၃ဝ ဖြင့်လေ့ကျင့်နေခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်နေသည်။

မြန်မာ ယူ-၂၂ အမျိုးသားအသင်းသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုပထမနေ့ ကစားရမည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ ပိုးရှိသူများ တွေ့ရှိခဲ့သဖြင့် မယှဉ်ပြိုင်ဘဲ ပြိုင်ပွဲမှ နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။

ရဲရင့်လွင်