မြန်မာဘောလုံးသမားများ ပြည်ပကလပ်များသို့ ပြောင်းရွှေ့

ရန်ကုန် ဇန်နဝါရီ ၁၉

 

ထိုင်းလိဂ် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် မြန်မာဘောလုံး အပြောင်းအရွှေ့များဖြစ်ပေါ်ခဲ့ပြီး အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးအထိ ကစားသမား ပြောင်းရွှေ့မှုများရှိခဲ့သည်။ ထိုင်းလိဂ်-၂ ကလပ် အူဒုံထာနီအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန် သည် ထိုင်းလိဂ်-၁ ကလပ်ချောင်ဘူရီအသင်းနှင့် တစ်ရာသီခွဲ စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော် အောင်ကောင်းမာန်သည် ယခုရာသီဝက်တွင် ချောင်ဘူရီအသင်း၌ ကစားခွင့်ရမည်မဟုတ်ဘဲ ထိုင်းလိဂ်-၂ ကလပ် Customs United အသင်းတွင် အငှားသွားရောက်ကစားမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် MNL ကလပ်ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေး ချန်ပီယံဆုရခဲ့သည့် တောင်ပံတိုက်စစ် ကစားသမား စည်သူအောင်သည် ထိုင်းလိဂ်-၂ ကလပ် အယုဒ္ဓယယူနိုက်တက်အသင်းတွင် ရာသီဝက်စာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်သည်။ ထိုင်းလိဂ်-၂ ကလပ် နာခွန်ဆီအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်မှာလည်း ထိုင်း လိဂ်-၃ ကလပ် မြောင်ထရန်ယူနိုက်တက်အသင်းတွင် သွားရောက်ကစားမည်ဖြစ်သည်။

 

ယင်းကစားသမားများမတိုင်မီက တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ် ယူနိုက်တက်အသင်းနှင့် သက်တမ်းမတိုးဘဲ မောင်မောင်လွင်ကစားနေသည့် လမ်ဖွန်အသင်းနှင့် ပြောင်းရွှေ့ခဲ့ သည်။ ထို့အတူ ချောင်ဘူရီအသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့် ဝါရင့် နောက်ခံလူ ဇော်မင်းထွန်းမှာမူ မလေးရှားကလပ် ပီနန်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

 

သတင်း-ကိုညီလေး၊

ဓာတ်ပုံ-Customs United