မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များအတွက် ကုသရာတွင် အသုံးပြုသည့် ဆေးဝါးအမယ်သစ် များနှင့် HIV နှင့် ဗိုင်းရပ်စ်သတ်ရာတွင် အသုံးပြုသည့် ဆေးဝါးအမယ်သစ်များ ထုတ်လုပ်သွားမည်

ရန်ကုန်  ၂၃   ဇန်နဝါရီ 

 

 

ကင်ဆာဝေဒနာရှင်များအတွက် ကုသရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များနှင့် HIV နှင့် ဗိုင်းရပ်သတ်ရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးကိုကိ်ုအောင်က ပြောသည်။ 

 

 

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်း ဆေးဝါး စက်ရုံ(အင်းစိန်)ရှိ အစည်းအဝေးခန်းမ၌ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် ဆေးဝါးများ တိုးမြှင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 

 

 

“လာမယ့် ဘတ်ဂျက်နှစ်မှာ ယခင်နှစ်ထက်မနည်းတဲ့ ဆေးဝါးအမယ်သစ်တွေ ထုတ်လုပ်သွားမယ်၊ အဓိက ကင်ဆာဝေဒနာရှင်တွေရဲ့ နာကျင်မှုတွေကို သက်သာစေမယ့် ဆေးဝါးတွေ ကင်ဆာရောဂါ ကုသရေးမှာ အသုံးပြုမယ့် ဆေးဝါးတွေကို စမ်းသပ် ထုတ်လုပ်သွားမယ်။ HIV နဲ့ ဗိုင်းရပ်သတ်ရာမှာ အသုံးပြုမယ့် ဆေးဝါးအမယ်သစ်တွေကိုလည်း ထုတ်လုပ်သွားမယ်”ဟု ၎င်းက ပြောသည်။

 

 

ဆက်လက်၍ ၎င်းက ပြည်တွင်း၌ ဆေးဝါးအမယ်သစ်များ တိုးမြှင့် ထုတ်လုပ်ခြင်းအားဖြင့် ပြည်ပမှ ဝယ်ယူသုံးစွဲနေရသည့် ဆေးဝါးများအတွက် နိုင်ငံခြားငွေ လျော့နည်းသက်သာလာမည် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

 

 

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း လက်အောက်ရှိ ဆေးဝါးစက်ရုံ (၂)ရုံမှ BPI အမှတ်တံဆိပ်ဖြင့် ဆေးဝါးများ ထုတ်လုပ်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ဆေးဝါး (၁၄၈)မျိုးအား တန်ဖိုး(၅၀)ဘီလီယံကျပ် တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၃၂)ဘီလီယံကျပ်ဝယ်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ်များသို့ (၁၈)ဘီလီယံကျပ် ဖြန့်ဖြူးရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

 

 

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ဆေးဝါးထုတ်လုပ်မှုများကို WHO GMP Guideline နှင့် ကိုက်ညီစေရန်အတွက် ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အအုံများ တည်ထောင်ခဲ့ပြီး  BPI ဆေးဝါးများအား ထုပ်ပိုးမှုဆိုင်ရာများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာ အဆင့်မီ ထုပ်ပိုးမှုပုံစံဖြစ်စေရေးအတွက် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များအား (EOI)ဖိတ်ခေါ်၍ ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း၊ ဆေးဝါးအရည်အသွေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆေးဝါးတက္ကသိုလ်များနှင့် ပူးပေါင်းကာ BPI စက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများအပေါ် သုတေသန ပြုလုပ်စမ်းသပ်နိုင်ရန် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်နေသည့်အပြင် အရည်အသွေးဆိုင်ရာ အာမခံချက်ရရိရန်အတွက် အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Quality Management System)ကို တည်ဆောက်၍ နိုင်ငံတကာအသိအမှတ်ပြု (ISO-9001-2015)လက်မှတ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း  ဆေးဝါး စက်ရုံ(အင်းစိန်)မှ သိရသည်။

 

 

ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

 

သတင်း/မင်းသစ်(MNA) 

ဓာတ်ပုံ/နေလင်း