မြန်မာ့ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ဆောင်ရွက်ပေးမှုများ

 

မောင်စားသုံး

 

ကျွန်တော်တို့၏ ဘိုးဘွားများက ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရ ဖြစ်မိသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” တဲ့။ အရင်တုန်းက မြန်မာပြည်တွင် ဤမျှအထိ စပါးများ ပေါများစွာ ထုတ်လုပ်ထွက်ရှိခဲ့သည့်သဘောဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက “အရှေ့တောင်အာရှ၏ စပါးကျီ ဗမာပြည်”ဟု ဂုဏ်ပြုမှတ်ချက်စကား ပြောကြားခဲ့ခြင်း ဖြစ်ပေမည်။ ဒုတိယကမ္ဘာစစ်ကာလက တစ်ကမ္ဘာလုံးနီးပါး စားနပ်ရိက္ခာ အခက်အခဲဖြစ်ချိန်တွင် မြန်မာပြည်မှဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် အကြွေးစနစ်ဖြင့် ရောင်းချဖြည့်စွမ်းပေးနိုင်ခဲ့သည်သာမက ငွေကြေးအခက်အခဲ ကြုံတွေ့ရလျက်ရှိသော ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံများကို လှူဒါန်းပေးနိုင်ခဲ့သဖြင့် ထိုနိုင်ငံများသည် ယနေ့အထိပင် မြန်မာနိုင်ငံကို ကျေးဇူးတင်မဆုံးဖြစ်နေသည်က သက်သေပင်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်သည် ဆန်စပါး ဖြစ်သည်။ ဆန်စပါးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေး၏ အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့်ပင် အစိုးရအဆက်ဆက်၏ ဦးတည်ချက်များတွင် စိုက်ပျိုးရေးကို အခြေခံ၍ဟူသည့် ဦးတည်ချက် အမြဲပါဝင်သည်ကို သတိထားမိသည်။ မြေသည် တိုးပွားလာသည်မဟုတ်ပေ။ နေထိုင်သည့်ဦးရေသာ တိုးပွားလာနေသည်။ တိုးပွားလာသည့် လူဦးရေအတွက် ရိက္ခာလုံလောက်မှုရှိစေရန် ဆန်စပါးကဏ္ဍ ကို သမားရိုးကျပုံစံများအတိုင်း ဆောင်ရွက်နေ၍ မဖြစ်ပေ။

 

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများပူးပေါင်း၍ ကြံဆ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ စက်မှုလယ်ယာ စနစ် ကူးပြောင်းရမည်၊ တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားဖြစ်အောင်လုပ်ရမည်။ အထွက်တိုးအောင် လုပ်ရမည်။ ခေတ်မီနည်းပညာများ သုံးစွဲရမည်။ သို့မှသာ ပြည်တွင်းရိက္ခာဖူလုံသည့်အပြင် ပိုလျှံသည့်ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပြည်ပသို့ အရည် အသွေးပြည့်မီစွာ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၏အခန်းကဏ္ဍသည် အဓိကအရေးပါလျက်ရှိသည်။ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုကိုခံယူကာ ထုတ်ပြန်ထားသော မူဝါဒ၊ ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

 

နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြား

 

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂) ၌ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်က ကျင်းပသည့် မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ (Myanmar Rice Conference – 2022) ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ့ဆန်စပါး ထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက ဆောင်ရွက်လာသည့် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ကြောင်း၊ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့် ဆန်၊ စပါး စိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍမှာလည်း တိုးတက် ပြောင်းလဲခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပို့ကုန် မြှင့်တင်ရေးလုပ်ငန်း ဦးစားပေးဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ပြင်ပဈေးကွက်သို့ ပိုမိုအလားအလာ ရှိသော ဆန်စပါးကဏ္ဍ မြှင့်တင်ခြင်းသည် အချိန်တို အတွင်း ရလဒ်ပေါ်ပေါက်စေနိုင်သည့်(Quick Win) အစီအစဉ်တစ်ခုလည်းဖြစ်ကြောင်း၊ ဆန်၊ စပါးကဏ္ဍကို ယခင်ကထက် ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အရည်အသွေးနှင့်အထွက်နှုန်း ပိုမိုကောင်းမွန် သည့် ဆန်စပါးတိုးချဲ့ထုတ်လုပ်ရန်နှင့် ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းစဉ် တစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း၊ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် အကောင်အထည်ဖော်လျက်ရှိသော အမျိုးသား ပို့ကုန်မဟာဗျူဟာ၏ ဦးစားပေးပို့ကုန်အမယ်များတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍသည် လည်း ပါဝင်ကြောင်း၊ ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာ၏ မျှော်မှန်းချက်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက် သည့် ဆန်စပါးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

 

ဆန်စပါးကဏ္ဍဆိုင်ရာသမိုင်းကြောင်းတိုးတက်ပြောင်းလဲလာမှု

 

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဆိုင်ရာ သမိုင်းကြောင်းသည် ရှည်လျားလှပါသည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် ဆန်စပါးကို မိမိအိမ်ထောင်စု ဝမ်းစာဖူလုံရေး၊ ဘုရင်နှင့်ဆွေတော်မျိုးများအတွက် လယ်ခွန်များပေးရန်နှင့် ပိုလျှံသည်များကို အခြား မိမိလိုအပ်သည့် ပစ္စည်းများနှင့်ဖလှယ်သည့်အဆင့် သာ စိုက်ပျိုးခဲ့သည်။ ကိုလိုနီခေတ်ရောက်သောအခါ လယ်မြေများ တိုးချဲ့စိုက်ပျိုးရန် ဥပဒေများ ပြဋ္ဌာန်း ခြင်း၊ အခြေခံအဆောက်အအုံများဖြစ်သည့် ရေကာတာ၊ ဆည်၊ လမ်းတံတားများ၊ သိုလှောင်ရုံ၊ စပါးကြိတ်ခွဲစက်များ တည်ဆောက်ပေးခြင်းကြောင့် စပါးစိုက်ဧက ၁၂ သန်းကျော် စိုက်ပျိုးလာနိုင်သည်။

 

ထိုအခါ ဆန်၊ စပါးဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းလာရသည်။ အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများသို့လည်း ဆန်စပါးများ အမြောက်အမြား တင်ပို့ နိုင်ခဲ့သည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ပြည်ပကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ပဈေးကွက်ရှာဖွေရေးကိစ္စများကို ဆောင်ရွက်ရန် အဖွဲ့အစည်းများကို လိုအပ်ချက်များနှင့်အညီ ဖွဲ့စည်းလျက်ရှိသည်။

 

ဒေသတွင်းနိုင်ငံများ၏ ဆန်စပါးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ

 

ဒေသတွင်းနိုင်ငံများတွင်လည်း ဆန်စပါးကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် State Owned Economic Cooperation Act – 2003 ဥပဒေကို ပြဋ္ဌာန်း၍ ဆန်စပါးကဏ္ဍဆိုင်ရာ Perum Bulog (BULOG)အဖွဲ့ကို အစပိုင်းတွင် အစိုးရဌာနမဟုတ် သော အသင်းအဖွဲ့များပုံစံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အများပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခု အသွင်ဖြင့် ပြည်တွင်းစားနပ်ရိက္ခာဈေးနှုန်း တည်ငြိမ်ရေး၊ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ခြင်း၊ ပိုးမွှားရောဂါ ထိန်းချုပ်ကုသခြင်း၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အဆောက်အအုံနှင့် မြေငှားရမ်းပေးခြင်း၊ အရန်ရိက္ခာစီမံခန့်ခွဲခြင်း၊ ဆန်ဖြန့်ဖြူးခြင်း၊ ပို့ကုန်တိုးမြှင့်ရေးကိစ္စများနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စများကို ဆောက်ရွက်လျက် ရှိသည်။

 

အလားတူပင် မလေးရှားနိုင်ငံတွင် Food Act 1983 & Food Regulation of 1985 ကို ပြဋ္ဌာန်းကာ ဆန်စပါး ဝယ်ယူ၊ သိုလှောင်၊ တင်သွင်း၊ ဖြန့်ဖြူးတင်ပို့၊ ဈေးကွက်ချဲ့ထွင်ခြင်းများကို Bermas အဖွဲ့က အစိုးရ၏ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက် ရှိသည်။

 

ဗီယက်နမ်နိုင်ငံတွင်လည်း Policy on Rice Exportation Management in Vietnam 2019 & Rule on Rice Export Business ကို ပြဋ္ဌာန်း၍ Vietnam Food Association(VFA)က ဆန်စပါးကဏ္ဍ စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ ပို့ကုန်စီမံခန့်ခွဲခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် Rice Tariffication Law 2019 ကို ပြဋ္ဌာန်း၍ အစိုးရက NFA ၊ PITC အဖွဲ့များ နှင့်ပူးပေါင်းပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံတွင်မူ လိုအပ်ချက်အရ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ အများပိုင်ကုမ္ပဏီများကို လိုအပ်သော ကူညီပံ့ပိုးမှုများပေးခြင်းဖြင့် ထိန်းကျောင်းဆောင်ရွက်လျက် ရှိပါသည်။

 

Supply Chain Mechanism ထူထောင်ပေးခြင်း

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစတင်၍ ဆန်စပါး စိုက်ပျိုးဧက များပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆန်အထူးပြုကုမ္ပဏီ ၆၄ ခုကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ အထူးပြုကုမ္ပဏီများတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ရောင်းဝယ်သည့် ကုမ္ပဏီများ၊ ပူးပေါင်းကုမ္ပဏီများ၊ ဒေသခံကုန်သည်များနှင့် တောင်သူလယ်သမားများအစရှိသည့် စိုက်ပျိုး ထုတ်လုပ်သည်မှ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ သည်အထိ Supply Chain Mechanism တစ်ရပ် လုံးတွင် ပါဝင်နေသူများဖြင့် ပူးပေါင်းပါဝင် ဖွဲ့စည်း ထူထောင်ထားသည်။

 

အဆိုပါ ဆန်အထူးပြုကုမ္ပဏီများသည် ကုမ္ပဏီ ပိုင်ငွေကြေးများ၊ ဘဏ်ချေးငွေများဖြင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစ၍ တောင်သူလယ်သမားများအား မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်ချေးငွေ၊ နည်းပညာ အကူအညီပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုး စရိတ်ချေးငွေကို တောင်သူများသို့ ထုတ်ချေးရာတွင် တစ်လလျှင် ၂ ရာခိုင်နှုန်းထက်မပိုသော အတိုးနှုန်းဖြင့် ခြောက်လတစ်ကြိမ် ထုတ်ချေးသည့်စနစ်ကို ကျင့်သုံး ခဲ့သည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကျပ် ၁၃၀၈၂၉ ဒသမ ၃၇ သန်းကို တောင်သူလယ်သမားဦးရေ ၄၇၅၄၈၇ ဦးသို့ ထုတ်ချေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

 

ဆန်စပါး စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ခေတ်မီဆန်စက်များ တိုးတက်လာစေရေး ဆောင်ရွက်ပေးမှုများ

 

မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဆန်စက်များအနေဖြင့် တန် ၁၀၀ အထက် ဆန်စက် အလုံး ၂၆၀၊ တန် ၄၀ မှ တန် ၁၀၀ အထိ ၇၄၂ လုံး၊ ၂၁ တန်မှ တန် ၄၀ အထိ ၆၂၅ လုံး၊ ၁၅ တန် မှ တန် ၂၀ အထိ ၈၇ လုံး စုစုပေါင်း ဆန်စက်ပေါင်း ၁၇၁၄ လုံးရှိပြီး ကြိတ်အားအနေဖြင့် ၄၈၅၉၃ တန် ရှိသည်။ ၎င်းအထဲတွင် ဟာလာစက်များမပါဝင်ပေ။ အကြမ်းဖျင်းအရ တစ်နိုင်ငံလုံးတွင် ဟာလာဆန်စက် ၁၀၀၀၀ ကျော်ရှိသည်။

 

မြန်မာ့ထွက်ကုန် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှ ဈေးကောင်းရရှိ စေရေးအတွက် စံချိန်စံညွှန်းအရည်အသွေး သတ်မှတ် ချက်များနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ သို့မှသာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမည် ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံတော်အစိုးရ အမျိုးသား စံချိန်စံညွှန်းကောင်စီက ၁၀-၇-၂၀၁၈ ရက်တွင် အမိန့် ကြော်ငြာစာအမှတ်(၃၄/၂၀၁၈)ဖြင့် မြန်မာ့ဆန်စံချိန် စံညွှန်းအဖြစ် ကုဒ်အမှတ် MMS CODE X STAN 198:1995 ကို သတ်မှတ်ခဲ့သည်။ ပိုမိုပြည့်စုံစေရေး အတွက် ၁၈-၅-၂၀၂၂ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်(၀၉၀/၂၀၂၂)ကို ထုတ်ပြန်၍ ကုဒ်အမှတ် MMS 31:2022 ဖြင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ခဲ့သည်။

 

ထို့အပြင် မြန်မာ့ဆန်စပါး စံချိန်စံညွှန်းကို လည်း ၁၈-၅-၂၀၂၂ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၀၉၁/၂၀၂၂)ကို ထုတ်ပြန်၍ ကုဒ်အမှတ် MMS 29:2022 ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ နောက်ပိုင်း ပြည်ပသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုများနှင့် ပတ်သက်၍ အဆိုပါ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ တင်ပို့လျက်ရှိသည်။

 

မြန်မာ့ဆန်စပါး စံချိန်စံညွှန်းများ၊ အရည်အသွေးဆိုင်ရာ စည်းမျဉ်းများကို နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ဖြစ်ပေါ်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် အရည်အသွေးစီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် နိုင်ငံ တကာမှ အသိအမှတ်ပြုသည့် စက်ပစ္စည်း၊ အဆောက် အအုံကျွမ်းကျင်ဝန်ထမ်းများ တိုးမြှင့်ထားရေးအတွက် လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စီစဉ် လျက်ရှိသည်။ အရေးကြီးသောအချက်မှာ မြန်မာ့ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်သွင်းသော နိုင်ငံများနှင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

 

(ဆက်လက်ဖော်ပြပါမည်)