မြန်မာစကားသမိုင်းအတွက် (၅)

 

mdn

 

မောင်ခင်မင် (ဓနုဖြူ)

မြန်မာစကားသမိုင်းအတွက် (၅)

“ ကဲ... အရင်အပတ်က အမြစ်သံ၊ အောက်မြစ်သံ လို့ခေါ်တဲ့ တက်ကျသံအကြောင်း ပြောပြီးကြပြီ။ ဒီတစ်ပတ်တော့ ဝစ္စပေါက်သံလို့ ခေါ်ကြတဲ့ တက်ကျသံ အကြောင်း ပြောဖို့ရှိတယ်”

“ ဆရာ့ကို တစ်ခုတောင်းပန်ပါရစေ”

“ ဘာပါလိမ့်”

“ အခုတက်ကျသံတွေအကြောင်း နားထောင်ရင်း တက်ကျသံလို့ခေါ်တဲ့ အခေါ်တွေနှစ်မျိုး သုံးမျိုး ကွဲပြားတာ သိပေမယ့် အဲဒီအခေါ်တွေ ကျွန်တော့်စိတ်ထဲမှာ မကြာမကြာ ရောရောသွားပါတယ်ဆရာ။ ဒါကြောင့် အဲဒီ-တက်ကျသံ အခေါ်ကွဲပုံတွေကို တစ်ခါလောက် ထပ်ရှင်းပြပေးပါလို့ တောင်းပန်ချင်တာပါ ဆရာ”

“ သမီးလည်း အဲဒီလိုပဲ။ မကြာမကြာ ရောရော သွားပါတယ်ဆရာ၊ တစ်ခါလောက် ထပ်ရှင်းပြပါလို့ ဆရာ့ကို ပြောချင်တာ မပြောရဲလို့။ အခုသူပြောလိုက်တော့ အဆင်ပြေသွားပါတယ် ဆရာ”

“ ကဲ...ကဲ သေသေချာချာ နားထောင်ပြီး စွဲအောင်မှတ်ထားကြပေတော့။ သာဓက ကလေးနဲ့ ရှင်းပြမယ်။ ‘ ကန်-ကန့်-ကန်း’ဆိုတဲ့ တက်ကျသံ သုံးသံ ကို မူတည်ပြောကြရအောင်”

“ ဟုတ်ကဲ့ပါ”

“ သားတို့၊ သမီးတို့ သူငယ်တန်း၊ ပထမတန်း ကျောင်းသားဘဝကတည်းက ဒီအသံတွေကို စာလုံး ပေါင်းပြီးဖတ်ခဲ့၊ ကျက်ခဲ့ကြတာ မဟုတ်လား”

“ ဟုတ်ပါတယ် ဆရာ”

“ ဒီတော့ ဒီအသံသုံးသံကို မူတည်ပြောမယ်။ ပထမအသံက ‘ ကကြီးရေးနသတ်ကန်’ လို့ စာလုံး ပေါင်းဖတ်ရတဲ့ ‘ ကန်’ပေါ့ ဟုတ်လား”

“ ဟုတ်ပါတယ် ဆရာ”

“ ကန်ဆိုတဲ့အသံဟာ ရှည်ရှည်ဆွဲဆိုနိုင်တဲ့ အသံပဲ။ ကန့်လို့ဆိုကြည့်ရင် ရှည်ရှည်ဆွဲနိုင်တယ်ဆိုတာ သိသာပါတယ်။ ပြီးတော့ အသံက တစ်ပြေးတည်းတန်းပြီး သွားတဲ့အသံလေ”

“ ဟုတ်ကဲ့ပါ”

“ ကန်နဲ့ အသံ အနေအထားတူတဲ့ အသံတစ်သံစီ ပြောပြကြစမ်းပါ”

“ လာ... ပါဆရာ”

“ တောင်...ပါဆရာ”

“ ဟုတ်ပြီ အဲဒီ ‘ ကန်၊ လာ၊ တောင်’ဆိုတဲ့ အသံ တွေဟာ တစ်ပြေးတည်းတန်းပြီးဆိုရတဲ့ အသံတွေပဲ။ အရေးအနေနဲ့ကြည့်ရင် အောက်မြစ်တို့၊ ဝစ္စပေါက်တို့ မထည့်ရတဲ့အသံမို့ ‘သက်သက်သောအသံ ‘ လို့ ရှေးဘာသာစကားကျမ်းတွေမှာခေါ်တယ်။ ‘ရိုးရိုးအသံ’ ကို ဆိုလိုတာပေါ့”

“ ဟုတ်ကဲ့ပါ”

“ အဲဒီအသံမျိုးကို ကဗျာဖွဲ့နည်းပြတဲ့ ကျမ်းတွေ မှာ’သံလွင်’လို့ လည်းခေါ်တယ်။ ချိုချိုလွင်လွင်နဲ့ ဆွဲဆို လို့ရတဲ့ အသံပေါ့”

“ ဟုတ်ကဲ့ပါ”

“ သဒ္ဒဗေဒပညာရပ်မှာတော့ ‘ သံပြေ’လို့ ခေါ် တယ်။ ပြေပြေကလေးသွားတဲ့ အသံပေါ့။ အင်္ဂလိပ်လို တော့ level tone ပေါ့”

“ ဟုတ်ကဲ့ ဆရာ”

“ သိသာတဲ့အသံကို သာဓကပြရရင် ‘ ဒူဝေဝေ’ဆိုတဲ့ ကြေးစည်သံတို့၊ ‘ နောင် ‘ ဆိုတဲ့ ကြေးမောင်းသံ တို့ဟာ အဲဒီအသံမျိုးပေါ့။ မှတ်မိပြီနော်”

“ မှတ်မိပါပြီ ဆရာ”

“ နောက်တစ်သံက ‘ ကန့် ‘ဆိုတဲ့ အသံပေါ့။ ကဲ...တူတဲ့အသံတွေ တစ်သံစီပြောပါဦး”

“ သော့...ပါဆရာ”

“ချစ်...ပါဆရာ”

“ဟုတ်ပြီ။ ကန့်၊ သော့၊ ချစ် ဆိုတဲ့အသံတွေက အောက်ကိုကျတဲ့ ခပ်ပြတ်ပြတ် အသံတွေပါ။ ရှေး ဘာသာစကားကျမ်းတွေမှာတော့ အရေးအနေနဲ့ အောက်မြစ်ပါတဲ့အသံမျိုးမို့ အောက်မြစ်သံလို့ခေါ်တယ်။ အ-မြစ်သံလို့လည်း ခေါ်တယ်။ မြန်မာစာ အရေးအသားပေါ်စတုန်းကတော့ အဲဒီအသံရအောင် အောက်က အ- အက္ခရာကလေးနဲ့ပြတယ်။ ‘တို’ ဆိုတာမျိုးပေါ့။ ‘တို’ဆိုတဲ့ အသံက သံပြေလေ။ အဲဒီ အသံကို သံရှိန်ပြတ်သွားအောင် အောက်ကနေပြီး တားမြစ်တာမို့ အောက်မြစ်၊ အောက်ကမြစ်လို့ ခေါ်တာပေါ့”

“ ဟုတ်ကဲ့ပါ”

“တစ်ခုသတိပြုရမှာက အရေးကိုကြည့်ပြီး ဖတ်နိုင်အောင် အောက်မြစ်သံလို့ ခေါ်ပေမယ့် အောက်မြစ်မပါတဲ့ စာလုံးမျိုးလည်း ရှိတယ်လေ။ ခုနသာဓကပြတဲ့ ‘ချစ်’ ဆိုတာ ရေးရင်ဘယ်မှာ အောက်မြစ်ပါလို့လဲ။ အသံထွက်ရင်တော့ ‘ကန့်တို့၊ သော့တို့လို အောက်မြစ်သံနဲ့ အတူတူပဲလေ”

“ဟုတ်ကဲ့ပါ”

“ကဗျာဖွဲ့နည်း ကျမ်းတွေမှာတော့ ‘သံလတ်’ လို့ လည်းခေါ်တယ်။ အလယ်အလတ် ခပ်ပြတ်ပြတ်အသံ ပေါ့”

“ဟုတ်ကဲ့”

“သဒ္ဒဗေဒမှာတော့ အနိမ့်သက်သံလို့ ခေါ်တယ်။ ‘သက်’ ဆိုတာ ဆင်းတဲ့အဓိပ္ပာယ်ပါ။ နိမ့်နိမ့်အနေ အထားကနေ အောက်ကိုဆင်းတဲ့ အသံပေါ့။ အင်္ဂလိပ် လို low falling tone  လို့ခေါ်တယ်။ ဝစ္စပေါက်ပါတာ ထင်ရှားလို့ ဝစ္စပေါက်သံလို့ ခေါ်ပေမယ့် ဝစ္စပေါက် မပါဘဲ ရေးရတဲ့ အသံလည်း ရှိတယ်နော်။ ‘တော’ လို စာလိုမျိုးပေါ့။ ဝစ္စပေါက်မပါပေမယ့် ဝစ္စပေါက်ပါတဲ့ ‘လန်း’ တို့ ‘စား’ တို့နဲ့ အသံအတူတူပဲလေ”

“ဟုတ်ကဲ့ပါ။ မှတ်ထားပါ့မယ်ဆရာ”

“ကဗျာဖွဲ့နည်းမှာတော့ ‘သံလေး’ လို့ခေါ်တယ်။ လေးလေးပင်ပင်ကျတဲ့ အသံမို့လေ။ သဒ္ဒဗေဒအရတော့ အမြင့်သက်သံလို့ခေါ်တယ်။ အမြင့်ကနေပြီး အရှိန်နဲ့ ကျလာတဲ့ အသံပေါ့။ high falling tone လို့ ခေါ် တယ်”

“ဟုတ်ကဲ့ပါ”

“အသံသာဓကပြရရင်တော့ ‘ဝုန်း၊ ဒိုင်း’ ဆိုပြီး ပြင်းပြင်းထန်ထန် အောက်ကိုကျတဲ့ အသံမျိုးပေါ့”

“ဟုတ်ကဲ့ပါ”

“တခြားအခေါ်တွေလည်း ရှိသေးတယ်။ အခု ပြောရင် ရောရှုပ်သွားမှာစိုးလို့ နောက်မှပြောတာပေါ့။ ကဲ... အဲဒီတက်ကျသံသုံးသံကို သူ့အတွဲနဲ့သူ တွဲပြီး မှတ်မိအောင်လုပ်နော်”

“ဟုတ်ကဲ့ပါ”

“စာရေးအနေနဲ့ဆိုရင် ဘယ်လိုသုံးမလဲ”

“ဟုတ်ကဲ့။ သက်သက်သောအသံ၊ အောက်မြစ်သံ၊ ဝစ္စပေါက်သံပါ ဆရာ”

“ဟုတ်ပြီ ကဗျာဖွဲ့နည်းကျမ်းတွေမှာကော”

“ ‘သံလွန်၊ သံလတ်၊ သံလေး’ ပါ ဆရာ”

“သဒ္ဒဗေဒ အရကော”

“ ‘သံပြေ၊ အနိမ့်သက်သံ၊ အမြင့်သက်သံ’ ပါ ဆရာ”

“ဒါဆိုရင် သူ့အတွဲနဲ့သူ မှန်မှန်ကန်ကန် သုံးတတ် ပြီပေါ့။ ကဲ... ဒီနေ့ဆက်ရမှာက ဝစ္စပေါက်ပါတဲ့ အသံအကြောင်းပဲ”

“ဟုတ်ကဲ့ပါ”

“အ-မြစ်သံတုန်းက ပြောခဲ့သလိုပဲ ပုဂံခေတ် မြန်မာစာအရေးအသားပေါ်စမှာ အ-မြစ်သံကို တော်တော်ကွဲကွဲပြားပြား သုံးပေမယ့် ဝစ္စပေါက်သံက တော့ အ-မြစ်သံလောက် ကွဲကွဲပြားပြား မရှိဘူးလို့ ဆိုရမယ်။ ဝစ္စပေါက်ကို ကြိုးကြားကြိုးကြားတော့ သုံးတယ်။ တစ်ပြေးညီတော့ မဖြစ်သေးဘူးကွဲ့”

“ဟုတ်ကဲ့ပါ”

“မြန်မာစာရဲ့ အရင်းခံလို့ ယူဆရတဲ့ မွန်စာအရေး အသားစနစ်မှာလည်း ဝစ္စပေါက် ရှိပါတယ်။ ဒါပေမယ့် မွန်ဘာသာစကားဟာ တက်ကျသံ ဘာသာစကား မဟုတ်တဲ့အတွက် ဝစ္စပေါက်ကို တက်ကျသံပြောင်းတဲ့ သင်္ကတေအဖြစ် သုံးတာတော့ မဟုတ်နိုင်ဘူး။ အသံ လေးလေးပင်ပင်ကို ဖော်ပြရာမှာ ဝစ္စပေါက်သုံးတယ်လို့ ယူဆရတယ်”

“ဟုတ်ကဲ့ပါ”

“မြန်မာစာမှာ ဝစ္စပေါက်သံ၊ သံလေးပေါ့။ အဲဒီ သံလေးကို ဖော်ပြတဲ့အနေနဲ့ ဝစ္စပေါက်ကို တချို့နေရာမှာတော့ သုံးတယ်။ ဒါပေမယ့် တစ်သမတ်တည်း မဟုတ်ဘဲ သုံးလိုက် မသုံးလိုက်ဖြစ်နေလို့ အသားမကျ သေးဘူးလို့ ခေါ်ရမှာပေါ့”

“ဟုတ်ကဲ့”

“သာဓကတစ်ခုပြရရင် လောကထိပ်ပန်ဘုရား မင်စာမှာ ‘နွားလား သားဖွား’ ဆိုတဲ့စကားကို ‘နွားလာ သာဖွား’လို့ ရေးထားတာတွေ့တယ်။ ဝစ္စပေါက်သံ လေးသံကို ဆက်ရေးတာပဲ။ ဒါပေမယ့် ‘နွားနဲ့ ဖွား’ မှာ ဝစ္စပေါက်ပါပြီး ‘လားနဲ့ သား’ မှာ ဝစ္စပေါက်မပါဘူးလေ။ မတည်ငြိမ်သေးတဲ့ သဘောပေါ့”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ ဟ-သတ်ကိုလည်း ဝစ္စပေါက်လိုပဲ သံလေးပြတဲ့ သင်္ကတေအဖြစ်သုံးတာ တွေ့ရတယ်။ အခုခေတ် ‘တည်း’ ဆိုတဲ့အသံကို ပုဂံခေတ်က ‘တေး’ လို့ ရေးတယ်။ ဒါပေမယ့် ဝစ္စပေါက်နဲ့ မရေးဘဲ ‘တေဟ်’လို့ ဟသတ်နဲ့ ရေးတယ်။ ‘သား’ ဆိုရင်လည်း ‘သဟ်’ လို့ ရေးတာတွေ့ရတယ်”

“ဟုတ်ကဲ့ပါ”

“အမြစ်သံတုန်းက ပြောခဲ့တဲ့အတိုင်း မြန်မာ စကားဟာ တက်ကျသံ ဘာသာစကားဖြစ်တဲ့အတွက် ပုဂံခေတ်တုန်းကလည်း တက်ကျသံ ရှိရမှာပေါ့။ တက်ကျသံ သင်္ကတေပါလိုက် မပါလိုက်ဖြစ်နေတာကို သံလေးနဲ့ ပြောလိုက်မပြောလိုက် ဖြစ်မယ်လို့တော့ မဆိုနိုင်ပါဘူး။ သံလေးပြတဲ့ သင်္ကတေသုံးပုံ မတည်ငြိမ် သေးလို့ ခုခေတ်လို တစ်ပြေးညီ မဖြစ်သေးဘူးလို့ ဆိုရမှာပေါ့ကွယ်”

မြန်မာ့အလင်း