မြန်မာစကားသမိုင်းအတွက်(၁၀)

မောင်ခင်မင်(ဓနုဖြူ)

“ပုဂံ ကျောက်စာတွေမှာ သက္ကတ မွေးစားစကားလုံးတွေ တော်တော်ဝင်နေပြီဆိုတဲ့ အထောက် အထားတွေအကြောင်း ဆရာတို့ ပြောနေကြတာနော်။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ်ဆရာ။ ရာဇကု မာရ်မြစေတီကျောက်စာ အစမှာ ပါတဲ့ ‘ရှရီ’ အကြောင်း ဆရာပြောနေ ပါတယ်”

“ဟုတ်ပါတယ်။ ပြီးတော့ ပုဂံ မင်းတွေရဲ့ ဘွဲ့တွေဟာလည်း သက္ကတဘွဲ့တွေလေ။ တို့‘အနော် ရထာ’လို့ခေါ်နေကြတဲ့ မင်းကြီးရဲ့ ဘွဲ့ကို သိတယ်မဟုတ်လား”

“သိပါတယ် ဆရာ။ အနိရုဒ္ဓပါ”

“မင်းကြီးကောင်းမှု အုတ်ခွက် ဘုရားမှာ ‘ရှရီ အနိရုဒ္ဓဒေဝ’ လို့ ရေးထားတယ် မဟုတ်လား။ အရင် အပတ်က တွေ့ခဲ့ပြီလေ”

“ဟုတ်ပါတယ် ဆရာ။ ဆရာ ပြောသလို ရှရီကို ဂငယ်အလယ်က အစက်ကလေးပါတဲ့ ‘သျှ’ အက္ခရာနဲ့ ရေးမှာပေါ့နော်”

“ဟုတ်တယ်။ ဆရာကပြရ လွယ်အောင် ‘ရှရီ’လို့ ရေးပြတာပါ။ ရေးလည်း ပြခဲ့တယ်လေ”

“ဟုတ်ကဲ့ပါ”

“အနိရုဒ္ဓဆိုတာ ‘မဆန့်ကျင် သော’လို့ အဓိပ္ပာယ်ရတယ်။ ပြည်သူ နဲ့ မဆန့်ကျင်တဲ့ မင်းကြီးလို့ ဆိုရမှာ ပေါ့။ ပြီးတော့ ခုပြောနေတဲ့ ရာဇကု မာရ်ကျောက်စာမှာ ကျန်စစ်သားမင်း ရဲ့ဘွဲ့ကို ပြထားတယ် မဟုတ်လား။ ဘာတဲ့လဲ”

“ဟုတ်ကဲ့။ ရှရီ တြိဘုဝနာဒိတျ ဓမ္မရာဇ်’ လို့ ပြပါတယ် ဆရာ”

“အဲဒါလည်း သက္ကတဘွဲ့ပေါ့။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ မြစေတီကျောက်စာ ပါဠိဘက်မှာ တော့ သီရိတိဘဝနာဒိစ္စလို့ ပါဠိလို ရေးပြီး ကျန်တဲ့ မွန်၊ ပျူ၊ မြန်မာဘက် တွေမှာတော့ ခုပြောသလို သက္ကတလို ရေးထားတာပဲ။ ‘ကျက်သရေရှိသော သုံးလောကတွင် နေမင်းကဲ့သို့ ထွန်း လင်းသော တရားမင်း’ လို့ အဓိပ္ပာယ် ရတယ်ကွဲ့”

“ဟုတ်ကဲ့ပါ။ တချို့ပုဂံမင်းတွေ ရဲ့ ဘွဲ့က ဒီထက်ရှည်တာ ရှိတယ် ထင်ပါတယ်”

“ဟုတ်တယ်။ အရင်းခံကတော့ ကျန်စစ်သားမင်းရဲ့ဘွဲ့မျိုးပါပဲ။ တချို့ ကျတော့ ‘ပဏ္ဏိတ’ ဆိုတဲ့ စကားလုံး ထည့်ပြီး ‘ပဏ္ဏိတဓမ္မရာဇာ’ လို့ ရေး တယ်။ ပညာရှိပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ အခုခေတ်မှာ ‘နိဗ္ဗာန်’၊ ‘နက္ခတ်’ဆိုတဲ့ စကားလုံးတွေက ပါဠိ က ယူတာတွေလေ။ ‘နိဗ္ဗာန၊ နက္ခတ္တ’ ဆိုတဲ့ ပါဠိက ဆင်းသက်တာ။ ပုဂံ ခေတ်တုန်းကတော့ ‘နိယ်ရပန်’ ၊ ‘နက်သတ်’ ဆိုတဲ့ သက္ကတက ဆင်းသက်တဲ့ စကားလုံးတွေ သုံး တယ်။ ‘နိရဝါန၊ နက်သျှတြ’ ဆိုတဲ့ သက္ကတ စကားလုံးတွေဆီက ဆင်းသက်တာပေါ့။ ဒီနေ့အထိ အသုံးတွင်နေတဲ့ သက္ကတသက် စကားလုံးတွေထဲမှာ ‘ဆရာ’ တို့ ၊ ‘အမတ်’ တို့ ပါတာပေါ့”

“ဟုတ်ကဲ့ပါ”


“ဟုတ်ကဲ့ပါ”

“အမတ်ကို ပုဂံခေတ်က ‘အမတ်တျာ’လို့ရေးတယ်။ သက္ကတ စကား ‘အမာတျ’က ဆင်းသက်တာ ပေါ့။ အဲဒီ ‘အမတ်တျာ’ ကနေပြီး ခုခေတ် ‘အမတ်’ ဖြစ်လာတာလေ။ အမတ်ကို ပါဠိလို ‘အမစ္စ’လို့ ခေါ်တယ် မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“တကယ်လို့ ‘အမစ္စ’ ကနေပြီး ဆင်းသက်ရင် ‘အမစ်’ လို့ပဲ ဖြစ်မှာပေါ့။ ခုတော့ ‘အမာတျ’ က ဆင်းသက်လို့ ‘အမတ်ဖြစ်တာလေ”

“ဟုတ်ကဲ့ပါ”

“နောက် အလွယ်ပြောရရင် မွေးစားစကားလုံးတွေမှာ ရရစ်ပါတဲ့ စကားလုံးတွေကို သက္ကတကလာတာ လို့ မှတ်လို့ရတယ်။ ပုဂံကျောက်စာတွေ ထဲမှာ ရရစ်ပါတဲ့ စကားလုံးတွေ ဘာ တွေ သတိထားမိသလဲ”

“စကြဝဠာတို့၊ စကြဝတေးတို့၊ သိကြားမင်းတို့ ဖြစ်မယ်ထင်ပါတယ်”

“ဟုတ်ပါတယ်။ ကျောက်စာတွေ မှာတော့ ‘စက္ကြဝဠာ၊ စက္ကြာဝတိယ။ သဒယ်ကြာမင်’ ဆိုတာမျိုး တွေ့ရ တယ်။ ပါဠိကတော့ ရရစ် မပါဘူး။ စက္ကဝါဠ၊ စက္ကဝတိ၊ သက္ကလို့ ရေးတယ်”

“ဆရာ ‘သိကြားမင်း’ မှာ လုံးကြီး တင်ပါတယ် မဟုတ်လားဆရာ”

“အေး...အဲဒါပြောမလို့၊ ပါဠိလို သက္က၊ သက္ကတလို ‘သျှကြ’ ပေါ့၊ သျှက ဂငယ်အလယ်က အစက်ကလေးနဲ့ ရေးတယ်။ အဲဒီကနေပြီး သကြားလို့ မြန်မာမှုပြုတာ။ ပုဂံခေတ်တုန်းက လုံးကြီးတင်မပါဘူး။ အင်းဝခေတ်ကျ တော့ သိတဲ့၊ ကြားတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘သိကြား’လို့ မြန်မာမှု ပြုလိုက်တာ အခုအထိ တွင်နေတာပေါ့ ကွယ်။ လုံးကြီးတင်မပါတဲ့ ‘သကြား’ ကတော့ ကော်ဖီဖျော်တဲ့ သကြားဖြစ် သွားတာပေါ့”

“ဟုတ်ကဲ့ပါ”

“နောက် အခုအသုံးတွင်တဲ့ ‘ပညာ’ ဆိုတဲ့ စကားလုံးကို ပုဂံခေတ် က ‘ပြဇ္ညာ’လို့ ရေးတယ်။ အဲဒါ သက္ကတ စကားလုံးပဲ။ အသံထွက်တော့လည်း ရရစ်သံထည့်ပြီး /ပျင်ညာ/ လို့ ထွက် တယ်မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ”

“အခုခေတ်မသုံးတော့တဲ့ စကား လုံး တစ်လုံးပြောဦးမယ်။ ‘ပြတိုဝ်’ ဆိုတာ သိသလား”

“မသိပါဘူး ဆရာ”

“ထွေးခံလေ၊ ပုဂံခေတ်က ထွေးခံ ကို ‘ပြတိုဝ်’ လို့ခေါ်တယ်”

“ဪ... ဟုတ်ကဲ့ပါ”

“ပါဠိလို ‘ပဋိဂ္ဂဟ’ ဆိုတာ ခံယူ တာကိုခေါ်တာ၊ သက္ကတလိုက ပြဋိဂြဟ ... တဲ့။ အဲဒီသက္ကတကနေပြီး ‘ပြတိုဝ်’လို့ ဖြစ်လာတာပေါ့။ နောက် ပိုင်းကျတော့ အဲဒီစကားလုံး ပျောက် သွားပြီ။ တံတွေးထွေးရင် ခံရတဲ့ ခွက်မို့ မြန်မာလို ‘ထွေးခံ’ လို့ ခေါ်ကြတာလေ”

“စိတ်ဝင်စားစရာပဲနော်”

“အေးပေါ့။ အဲ...ပါဠိက ဆင်းသက် တဲ့ စကားလုံးတွေလည်း အများကြီး ပါပဲ။ ‘တိရစ္ဆာန်’ကို ‘တိရိတ်ဆန်’ လို့ မြန်မာလို အသံထွက်တဲ့အတိုင်း ရေး တာလေ။ အဲဒီလိုပဲ အဝီစိကို ‘အဝစိယ်’၊ ဥယျာနကလာတဲ့ ဥယျာဉ်ကို ‘ဥယန်’၊ အန္တရာယ်ကို ‘အန်တရယ်’၊ ပဟာရကို ‘ပဟိုရ်’ ဆိုပြီး မြန်မာမှုပြုကြတာပေါ့။ ‘သတ္တဝါ’၊ ‘သ ’ လို့ ရေးတာက တော့ သတ္တဆိုတဲ့ ပါဠိနဲ့ သတွဆိုတဲ့ သက္ကတနဲ့ပေါင်းပြီး မြန်မာမှုပြုထား တာလို့ မှတ်ယူနိုင်တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဆရာ”

“မြန်မာစာအရေးအသားစပြီး တီ ထွင်ချိန်မှာ မွန်လူမျိုးတွေရဲ့ ရှေ့ ဆောင်လမ်းပြမှုတွေ အများကြီး ပါမှာပဲလေ။ အစောပိုင်းမှာ မြန်မာ မှာ မရှိဘဲ မွန်မှာရှိတဲ့ စာလုံးပေါင်းပုံ တွေလည်း တွေ့နေရတယ်။ ‘ကာန်’ တို့ ‘ကျေက်’တို့ ဆိုတာမျိုးတွေပေါ့။ မွန်စကားလုံးတွေကိုလည်း မြန်မာ မှုပြုတာတွေ ရှိတာပေါ့။ စာရင် (စာရင်း) ‘ဇရပ်’ဆိုတဲ့ စကားလုံး တွေ၊ ‘ကျောက်’ လို့ အဓိပ္ပာယ်ရတဲ့ ‘တမောဘ်’ ဆိုတဲ့စကား ‘တမော့’ ပေါ့။ ‘ကန္ဒရ်’ ဆိုတဲ့ စကားက အခုခေတ်မှာ ‘ကတော်’လို့ မြန်မာမှု ပြုထားတဲ့ စကားလေ။ အဲဒီလို မွေးစားယူထားတဲ့ စကားလုံးတွေ မြန်မာစကားထဲမှာ တိုးပွားလာတာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“မြန်မာနဲ့ဆက်သွယ်တဲ့ တခြား ဘာသာစကားတွေထဲက ဝင်လာတဲ့ မွေးစားစကားလုံးတွေလည်း ရှိမှာ ပေါ့ကွယ်။ သုတေသနပြုစရာတွေ ပေါ့။ အဲဒီလိုနဲ့ မြန်မာစကားလုံးတွေ တိုးပွားလာတာပေါ့။ နောက် တစ်မျိုး က စကားလုံးကို အခုပြောခဲ့သလို မွေးစားယူတာမျိုး မဟုတ်ဘဲ ဘာသာပြန်ယူတာမျိုးပေါ့။ ဘာသာ ပြန် မွေးစားစကားလုံးလို့ ခေါ်မှာပေါ့။ အထူးသဖြင့် ပါဠိကို မြန်မာပြန်တာ ပေါ့။

“ဘယ်လို စကားလုံးတွေပါလဲ ဆရာ”

“မင်းတို့သိပါတယ်။ ‘သဗ္ဗညုတ’ ကို ပုဂံခေတ်က ဘယ်လိုဘာသာပြန် သလဲ။ မင်းအနန္တသူ အမတ်ကြီးရဲ့ ကောင်းမှုကျောက်စာမှာ ပါတယ် လေ”

“ဪ... သိပါတယ် ဆရာ။ ‘သိစပ်မြင်နှံ့’ ပါ”

“အဲဒါမျိုးပေါ့။ သဗ္ဗညုတကို နှံ့နှံ့ စပ်စပ်သိမြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘သိစပ်မြင်နှံ့’ လို့ မြန်မာပြန်ထားတာ လေ။ အဲဒီလိုပဲ ‘အနိစ္စ’ ကို ‘အတည် မရှိ’ ‘အတည်မဲ့’ လို့ ပြန်တယ်။ ဇာတိ ဇရာမရဏကို ‘အဖြစ်အိုမင်း သေခြင်း’ တဲ့။ မောဟ ဒေါသ လောဘကို ‘အမိုက်အမျက်ရမက်’ တဲ့။

“ဟုတ်ကဲ့ပါ”

“အမျိုးသား၊ အမျိုးသမီးဆိုတဲ့ စကားတွေ အခုအသုံးတွင်ကျယ်နေ တာလေ။ ပါဠိလို ‘ကုလပုတ္တ၊ ကုလဓိတာ’ ဆိုတဲ့ စကားတွေကို မြန်မာပြန်ထားတာပေါ့။ အမျိုး ကောင်းသား အမျိုးကောင်းသမီးလို့ အဓိပ္ပာယ်ရတယ်။ နောက်မင်းတို့ သင်ခဲ့ရတဲ့ သိင်္ဃသူ့ သမီးရဲ့ ကောင်း မှုကျောက်စာမှာ ဓမ္မစကြာမှာလာတဲ့ ဒုက္ခသစ္စာကို ပြတဲ့ ဇာတိပိ ဒုက္ခာ၊ ဇရာပိဒုက္ခ စတဲ့ ဆင်းရဲတွေကို ဖြစ် သော ဆင်းရဲ၊ အိုမင်းသောဆင်းရဲ၊ သေသောဆင်းရဲ’ ကနေပြီး လို၍မရ သော ဆင်းရဲအထိ မြန်မာလို တိတိ ကျကျ ဘာသာပြန်ထားတာတွေ တွေ့နိုင်တာပေါ့ကွယ်။ ကဲ... တစ်ထောက်နားကြရအောင်”။