မြန်မာ့ကော်ဖီနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းကျင့်သုံးမှု

၁၃ မေ

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းကျင့်သုံးမှု (Good Agricultural Practice-GAP) လက်မှတ်များကို မြန်မာနိုင်ငံရှိ ကော်ဖီခြံများအတွက် ထုတ်ပေးတော့မည် ဖြစ်ပါသည်။ ဤကော်ဖီခြံများသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းကျင့်သုံးမှု (GAP) လက်မှတ်ရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ စတင် လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံပိုင် ကော်ဖီခြံလေးခြံနှင့် ပုဂ္ဂလိကပိုင် ကော်ဖီခြံ နှစ်ခြံတို့ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းကျင့်သုံးမှု (GAP) လက်မှတ်ထုတ်ပေးတော့မည် ဖြစ်ပါသည်။

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းကျင့်သုံးမှု (GAP) လက်မှတ်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ များစွာသော လယ်ယာစိုက်ပျိုးရေး နိုင်ငံတို့၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း ကျင့်သုံးမှုကို လက်တွေ့ အကောင်အထည်ဖော်လျက် ရှိပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း ကျင့်သုံးမှု (GAP) လက်မှတ်သည် အစားအစာတို့၏ ဘေးအန္တရာယ်ကင်းမှုနှင့် အရည်အသွေးကို အာမခံခြင်း တစ်မျိုးဖြစ်သောကြောင့် ဈေးကွက်ရရှိမှုကို တွန်းအားပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကော်ဖီစိုက်ပျိုးရေး၌ စိုက်ပျိုးရေးဆိ်ုင်ရာ အလေ့အကျင့်ကောင်း ကျင့်သုံးမှု (GAP) လက်မှတ်များ ထုတ်ပေးရေးကို ဖော်ဆောင်လာခြင်းသည် ကော်ဖီအား ပြည်ပပို့ကုန်အဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရာတွင် အထောက်အပံ့ကောင်း ဖြစ်စေမည် ဖြစ်ပါသည်။

 

တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အတွေ့အကြုံအရ တောင်သူလယ်သမားတို့၏ မိရိုးဖလာ စိုက်ပျိုးရေး နည်းစနစ်တို့အပေါ် စွဲလမ်းကျင့်သုံးမှုသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံး ဖော်ဆောင်မှုကို အဟန့်အတား ဖြစ်စေပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှု၏ အကျိုးရလဒ်များအား တောင်သူလယ်သမားများထံ ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် လိုအပ်ပါသည်။ ဤကဲ့သို့ အသိပညာပေးခြင်းနှင့်အတူ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှုနှင့် ပတ်သက်သော ဝန်ဆောင်မှုတို့ကို ပံ့ပိုးပေးရန် လိုအပ်ပါသည်။

 

လွန်ခဲ့သော ငါးနှစ်အတွင်း က္ဘာတခြားသော ဒေသများနှင့်အတူ အရှေ့တောင်အာရှဒေသ၌ ကော်ဖီစိုက်ပျိုးမှုကို လျင်လျင်မြန်မြန် တိုးချဲ့ဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ ဤကဲ့သို့သော တိုးချဲ့ဆောင်ရွက်မှုနှင့်အတူ အရှေ့တောင်အာရှဒေသ၌ ကော်ဖီယဉ်ကျေးမှုသည် ကျယ်ပြန့်လာပါသည်။ အဆိုပါ ကော်ဖီယဉ်ကျေးမှု ကျယ်ပြန့်လာခြင်း၏ အဓိပ္ပာယ်သည် အရည်အသွေးကောင်းသော ကော်ဖီတို့အတွက် ဈေးကွက် အခိုင်အမာရှိခြင်း ဖြစ်ပါသည်။ မြန်မာ့ပြည်ပပို့ကုန် ကော်ဖီတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းကျင့်သုံးမှု (GAP) လက်မှတ်သည် ဈေးကွက်ရရှိရေးအတွက် အာမခံ ချက်ကောင်းတစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများတွင် ကျင့်သုံးနေသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း ကျင့်သုံးမှု အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်း ကျင့်သုံးမှုတို့နှင့် ကိုက်ညီမှုရှိစေရန် စံသတ်မှတ်လျက် ဤလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်၍ မြန်မာ့ ပြည်ပပို့ကုန်ဖြစ်သည့် ကော်ဖီတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို တွန်းအားပေး မြှင့်တင်စေမည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။   ။

 


(မြန်မာ့အလင်း)