မြန်မာခြင်းလုံးအသင်း ရွှေတစ်ခု၊ ငွေနှစ်ခု ထပ်မံဆွတ်ခူး

 

ရန်ကုန်၊ မေ ၈

 

(၃၂)ကြိမ်မြောက် ဆီးဂိမ်းခြင်းလုံး ပြိုင်ပွဲကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာခြင်းလုံးအသင်းက ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာခြင်းလုံးအသင်းသည် မေ ၈ ရက်တွင် ကျင်းပသည့် ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာခြင်းလုံးအသင်းအတွက် ရွှေတံဆိပ်ဆုကို Linking Event-3 အမျိုးသား + အမျိုးသမီး ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရမှတ်စုစုပေါင်း ၄၅၉ မှတ် ရရှိခဲ့သည်။ လာအိုအသင်းက ရမှတ် ၃၅၆ မှတ်ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအသင်းက ၂၄၃ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ Linking Event-3 အမျိုးသားပြိုင်ပွဲတွင် လာအိုအသင်းက ရမှတ် ၄၁၉ မှတ်ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက ရမှတ် ၄၀၇ မှတ်ဖြင့် ငွေတံဆိပ်၊ မလေးရှားအသင်းက ရမှတ် ၃၁၄ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ Linking Event-3 အမျိုးသမီးပြိုင်ပွဲတွင် ထိုင်းအသင်းကရမှတ် ၃၁၇ မှတ်ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက ရမှတ် ၃၀၉ မှတ်ဖြင့် ငွေတံဆိပ်၊ လာအိုအသင်းက ရမှတ် ၂၅၄ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။

 

မြန်မာခြင်းလုံးအသင်းသည် မေ ၈ ရက်ပွဲစဉ်များ အပြီးထိ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခု ရရှိထားသည်။

 

သတင်း- ရှိုင်းထက်ဇော်

ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန