မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ခွင့်ရရန်ကြိုးပမ်းနေသည့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်သတ်မှတ်ချက်များ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ပြန်လည်သတ်မှတ်မည်

ရန်ကုန် ၂၆ ဧပြီ

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းထားသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် ဝင်ခွင့်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်သွားမည်ဖြစ်သည်။ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေပြီး ပြိုင်ပွဲရွှေ့ဆိုင်းမှုကြောင့် ဝင်ခွင့်ရရန် သတ်မှတ်ချက်များအပေါ် မူတည်၍ ကြိုးပမ်းရမည်ဖြစ်သည်။

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယခင်က ဧပြီ ၂၆ ရက်အထိ ကျင်းပသည့်ပြိုင်ပွဲများမှ ရမှတ်များအပေါ် မူတည်၍ တွက်ချက်ကာ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ပေးရန် ဆုံးဖြတ်ထားသော်လည်း ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လကတည်းက ပြိုင်ပွဲများရပ်နားထားရခြင်း ဖြစ်သည်။ ရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားနေသောကြောင့် ဇူလိုင်လကုန်အထိ ပြိုင်ပွဲများရပ်နားထားရာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများပြန်လည်ကျင်းပနိုင်မှသာ အိုလံပစ်ဝင်ခွင့်အတွက် အတည်ပြုသတ်မှတ်ဖွယ်ရှိနေသည်။ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန်  ကြိုးပမ်းနေသူဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ချန်ပီယံဆု ရှစ်ကြိမ် ရရှိထားသည်။

 

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲနှင့် BWF က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ ရွှေ့ဆိုင်းထားသော်လည်း အိုလံပစ်ဝင်ခွင့်အတွက် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ဘဲ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ BWF က ပြိုင်ပွဲများပြန်လည်ကျင်းပပါက ပြိုင်ပွဲများပြန်လည်ယှဉ်ပြိုင်ပြီး အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်