မြန်မာကလပ်များယှဉ်ပြိုင်မည့် ၂၀၂၀ AFC Cup ပြိုင်ပွဲဝင်အသင်းများ စုံလင်စွာထွက်ပေါ်

ဖေဖော်ဝါရီ

 

မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ ဇုန်အလိုက် အုပ်စုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ စုံလင်စွာ ထွက်ပေါ်လာပြီဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းများအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာကလပ်အသင်းများအနက် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းမှာမူ ခြေစစ်ပွဲကစားခဲ့ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် အုပ်စုအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး နှစ်ကျော့စလုံးအနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အာဆီယံဇုန် အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်) ဟောင်အန်ယူနိုက်တက် (စင်ကာပူ) လာအိုတိုယိုတာ (လာအို) ရန်ကုန် (မြန်မာ) အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်) ထန်ကွမ်နင် (ဗီယက်နမ်) ဘာလီယူနိုက်တက် (အင်ဒိုနီးရှား) ဆာဗေ (ကမ္ဘောဒီးယား) အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ) ကာယာ (ဖိလစ်ပိုင်) ရှမ်းယူနိုက်တက် (မြန်မာ) နှင့် မာကာဆာ (အင်ဒိုနီးရှား) တို့ ပါဝင်နေသည်။

 

အုပ်စုပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်မှ မေ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်းကစားရမည်ဖြစ်ကာ မြန်မာကလပ် နှစ်သင်းစလုံးမှာမူ အိမ်ကွင်းအဖြစ် သုဝဏ္ဏကွင်းကို အသုံးပြုမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကာယာ (ဖိလစ်ပိုင်) နှင့် အိမ်ကွင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် မာကာဆာ (အင်ဒိုနီးရှား) နှင့် အဝေးကွင်း၊ မတ် ၁၀ ရက်တွင် တမ်ပနစ်ရိုဗာ (စင်ကာပူ) နှင့် အဝေးကွင်း၊ ဧပြီ ၁၅ ရက်တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ) နှင့် အိမ်ကွင်း၊ ဧပြီ ၂၈ ရက်တွင် ကာယာ (ဖိလစ်ပိုင်) နှင့် အဝေးကွင်း၊ မေ ၁၂ ရက်တွင် မာကာဆာ (အင်ဒိုနီးရှား) နှင့် အိမ်ကွင်း ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)နှင့် အဝေးကွင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် လာအိုတိုယိုတာ (လာအို) နှင့် အိမ်ကွင်း၊ မတ် ၁၀ ရက်တွင် ဟောင်အန် (စင်ကာပူ) နှင့် အိမ်ကွင်း၊ ဧပြီ ၁၅ ရက်တွင် ဟောင်အန် (စင်ကာပူ) နှင့် အဝေးကွင်း၊ ဧပြီ ၂၉ ရက်တွင် ဟိုချီမင်းစီးတီး(ဗီယက်နမ်) နှင့် အိမ်ကွင်း၊ မေ ၁၃ ရက်တွင် လာအိုတိုယိုတာ (လာအို) နှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

 

ရန်ကုန်အသင်းသည် AFC Cup ပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်