မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်စိမ်းကျောက်မျက်ရတနာများ မန္တလေးမြို့တွင် ကျင်းပသွားမည်

မန္တလေး ၉ စက်တင်ဘာ

မန္တလေးမြို့တွင် ကျောက်စိမ်းကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသွားမည့် ကျောက်မျက်ပြပွဲကို  အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ 

မန္တလေးမြို့ရှိ ကျောက်မျက်ရတနာနှင့် ဆက်စပ်လုပ်ငန်းရှင်များအတွက် ကျောက်စိမ်း၊ ကျောက်မျက်ကုန်ကြမ်းရရှိစေရန်၊ ပြည်တွင်းကျောက်စိမ်းအချောထည် ရုပ်တုရုပ်ထွင်းနှင့် လက်ဝတ်ရတနာဈေးကွက် တိုးတက်ထွန်းကားလာစေရန် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှုကောင်းမွန်စေရန်၊ လက်ဝတ်ရတနာ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“ကျောက်စိမ်းအရိုင်းတွေရောင်းမယ်၊ အချောထည်အတွက် သီးသန့်ရက် ခွဲခြားပြီး လုပ်ပေးဖို့ရှိတယ်၊ ပြည်တွင်းရှိ တစ်ပိုင်တစ်နိုင်အချောထည်လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ မန္တလေးမှာ ကျောက်မျက် အချောထည်ကဏ္ဍ ဖွံ့ဖြိုးမှလုပ်ငန်းရှင်တွေနဲ့ မှီခိုနေတဲ့သူတွေအားလုံးအဆင်ပြေမှာပါ မန္တလေးက ကျောက်မျက်ရတနာနဲ့ ဆက်စပ်လုပ်ငန်းရှင်တွေအတွက် ကျောက်မျက်ကုန်ကြမ်းရမယ်၊ နေပြည်တော်မှာ သွားဝယ်ရတဲ့ ကုန်ကျစရိတ်တွေ အတတ်နိုင်ဆုံးသက်သာမယ်၊ မန္တလေးမှာရှိတဲ့ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင် ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေကအစ အခြားဆက်စပ်လုပ်ကိုင်နေသူတွေပါ အခွင့်အလမ်းတွေရလာမယ် ''ဟု  ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇော်အောင်က ပြောသည်။

အဆိုပါပြပွဲတွင်  ကျောက်စိမ်းအတွဲ သုံးထောင်နှင့် လေးထောင်ကြား ပြသ ရောင်းချရန် ဆောင်ရွက်ထားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၆ရက်အထိ မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီမှ သိရသည်။

ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရန် ခွင့်ပြုမိန့်ရရှိထားသူများ၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ရတနာအရောင်းဆိုင်ဖွင့်လှစ်၍ လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ရုပ်ထွင်းများ ရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိထားသူများ၊ ကျောက်စိမ်း အချောထည် ရုပ်တု၊ ရုပ်ထွင်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လိုင်စင်ရယူထားသူများ၊ ကျောက်မျက်အရိုင်း၊ အချောများ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းလိုင်စင်ရယူထားသူများ၊ ကျောက်မျက်ရတနာ ကုမ္ပဏီမှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း၏ အသင်းဝင်များတက်ရောက်ခွင့်နှင့် ဝယ်ယူခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။ 

အိမို့မို့ခိုင်