မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်မည်

၂၉  သြဂုတ်


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည် ဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး စက်တင်ဘာ ဒုတိယပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်လကျော်ရရှိမည်ဖြစ်ပြီး ရက်ပေါင်း ၇၀ ကျော်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များနှင့် ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာမှ စတင်ကာ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြည်ပခြေစမ်းပွဲ ငါးပွဲအထက် ကစားခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားသည်။ မြန်မာ့ လက်ရွေးစင်အသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးမှ ၃၀ ကြားဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး အောင်မြင်မှုရရန် ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေပြီး ဖေဖော်ဝါရီတွင် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ၊ ဧပြီတွင် ၂၀၂၀ တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲ၊ သြဂုတ်တွင် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလကုန်တွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင်ကျင်းပမည့် ၂၀၂၀ အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် ဆက်လက်ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့ပြီး အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရခဲ့သည်။


ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယသုံးကြိမ်၊ တတိယခြောက်ကြိမ်ရထားပြီး ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိသေးပေ။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၇ ပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်