မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မန္တလေးမြို့၌ ခြေစမ်းပွဲကစား

၁၈ မတ်

 

နိုင်ငံတကာခြေစမ်းပွဲနှင့် အိုလံပစ်ခြေစစ်ပွဲယှဉ်ပြိုင်ကစားရန် မန္တလေးမြို့သို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ယနေ့ညနေပိုင်းက မန်းလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲအတွက် အကြိုပြင်ဆင်မှုပြုလုပ်ရန် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ပထမပိုင်းတွင် Line-up တစ်ခု၊ ဒုတိယပိုင်းတွင် Line-up တစ်ခုဖြင့် ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းသည် အနိုင်အရှုံးရလဒ်ထက် ကစားသမားများ၏ ခြေစွမ်းကို သိရှိနိုင်ရန် ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။ 

 

မြန်မာအမျိုးသမီးအသင်းသည် မတ် ၁၇ ရက်ညနေပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး မတ် ၁၈ ရက်တွင် ခြေစမ်းပွဲ ကစားခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ယခုခရီးစဉ်ကို ကစားသမား ၂၄ ဦး ခေါ်ဆောင်လာပြီး ခြေစမ်းပွဲအတွက် ကစားသမား ၂၃ ဦး၊ အိုလံပစ်ခြေစစ်ပွဲအတွက် ကစားသမား ၂၀ ရွေးချယ်မည် ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မတ် ၂၁၊ ၂၃ ရက်တွင် ဗီယက်နမ် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲများကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာအမျိုးသမီး အသင်းယှဉ်ပြိုင်မည့် အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၃ ရက်မှ ၉ ရက်အထိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်