မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပြည်တွင်းခြေစမ်းပွဲများ ကစားမည်

၃၁ ဇူလိုင်

၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ သြဂုတ်ပထမပတ်တွင် ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားသော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး  သြဂုတ် ၅ ရက်တွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း၊ သြဂုတ် ၇ ရက်တွင် MFF အကယ်ဒမီလူငယ်အမျိုးသားအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ်လူစာရင်း ရွေးချယ်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ဇွန် ၁၂ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး ဇွန်နောက်ဆုံးပတ်မှစတင်ကာ ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ ဇွန် ၂၈ ရက်မှ ဇူလိုင် ၅ ရက်အထိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲလေးပွဲကစားခဲ့သလို ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာတွင်လည်း ပြည်တွင်းအသင်းများနှင့် ခြေစမ်းပွဲများ ကစားလျက်ရှိသည်။ ဇူလိုင်နောက်ဆုံးပတ်မှ သြဂုတ်ပထမပတ်အထိ ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်ရန် စီစဉ်ထားသော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းခြေစမ်းပွဲများ ကစားခြင်းဖြစ်သည်။    

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ-ဦးမြကိုမင်း၊ ဂိုး-မေဇင်နွယ်၊ သန္တာဦး၊ ဇာဇာမြင့်၊ ခိုင်ဇာဝင်း၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင်၊ ချစ်ချစ်၊ ဖြူဖြူဝင်း၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး၊ လဲ့လဲ့လှိုင်၊ မေသူကျော်၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင်ကျော်၊ နုနု၊ ရီရီဦးနှင့် ဝင်းသိင်္ဂီထွန်းတို့ ပါဝင်ကြသည်။

ရဲရင့်ရှိုင်း