ရန်ကုန်     မေ    ၁၈

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက်  နိုင်ငံခြားသားနည်းပြချုပ်သစ် ခန့်အပ်လိုက်ပြီဖြစ်ပြီး ဂျပန်နိုင်ငံသား မစ်ဆူအိုကာတိုကို ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျင်းပသည့် ၂၀၂၅ ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသဖြင့်  ယခင် နည်းပြချုပ် ဂျပန်နိုင်ငံသား ယုကီ လမ်းခွဲသွားပြီးနောက်  နည်းပြချုပ်မရှိဖြစ်ခဲ့ပြီး ငါးလဝန်းကျင်အကြာတွင် နည်းပြချုပ်သစ် ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အသစ်ခန့်အပ်လိုက်သည့် ဂျပန်နည်းပြ မစ်ဆူအိုကာတိုကို  နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး   ၎င်းသည်  ထိုင်းလက်ရွေးစင်အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်း တို့တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို ဂျပန်၊ ထိုင်းကလပ်အသင်းများတွင် နည်းပြချုပ်၊ နည်းစနစ်ဒါရိုက်တာ၊ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြသစ်အတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ်  ဇွန်လဆန်းပိုင်းတွင်  ရန်ကုန်မြို့၌ ကျင်းပမည့် သုံးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF