မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်း

နေပြည်တော် ၆ ဇွန် 


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၆ ဦး ရွေးချယ်လိုက်ပြီ ဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ပဏာမလူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ထားပြီး လူငယ်ကစားသမားများနှင့် လူသစ်ကစားသမားအချို့ကို ရွေးချယ်ထားသည်။ 

မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် ယူ-၁၆ နှင့် ယူ-၁၉ လက်ရွေးစင်အသင်းများတွင် ခြေစွမ်းပြကစားခဲ့သည့် တိုက်စစ်မှူး မြတ်နိုးခင်နှင့် နောက်ခံလူ ဖြူဖြူဝင်းတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၁၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ဇူလိုင်တွင် ပြည်တွင်းခြေစမ်း ခရီးစဉ်များ သွားရောက်မည်ဖြစ်သလို ပြည်ပခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ-ဦးမြ ကိုမင်း၊ ဂိုး-ဇာဇာမြင့် (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာ အားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး (အား/ကာသိပ္ပံ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အားကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)နှင့်  မြတ်နိုးခင် (YREO) တို့ ပါဝင်ကြသည်။ မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင်ပထမပတ်တွင် မွန်ပြည်နယ်သို့ သွားရောက်ကာ ခြေစမ်းပွဲများကစားရန် စီစဉ်ထားပြီး နောက်ဆုံးပတ်တွင် ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲအပြီးတွင် နိုဝင်ဘာတွင် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်