မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား ယူ-၂၀ အသင်း ခြေစမ်းကစား

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF

 

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် ဧပြီ ၂၉ ရက်(ယနေ့)တွင် တောင်ကိုရီးယား ယူ-၂၀ လူငယ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရာ သုံးဂိုးပြတ်အရေးနိမ့်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ရလဒ်ထက် ကစားသမားများ၏ ခြေစွမ်းနှင့် ပွဲကစားခွင့်ရရှိရေးကို ဦးစားပေးကစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပထမပိုင်းတွင် အမာခံကစားသမားများကို အသုံးပြုခဲ့သော်လည်း ဒုတိယပိုင်းတွင် အရန်ကစားသမားများကို လဲလှယ်အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပထမပိုင်းတွင်  တောင်ကိုရီးယား ယူ-၂၀ အသင်းကို ခြေရည်တူကစားနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများဆက်တိုက်ပေးခဲ့ရခြင်းြဖစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် မေဇင်နွယ်(ဂိုး)၊ ခင်သန်းဝေ၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ စန်းသော်သော်၊ မြတ်နိုးခင်နှင့် ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ခြေစမ်းပွဲဖြစ်သောကြောင့်  ကစားသမား ခုနစ်ဦး လဲလှယ်ခွွင့်ပြုထားရာ ဒုတိယပိုင်းတွင် ခင်မိုမိုထွန်း အစား ပုံပုံ့ပြည့်မောင်၊ စန်းသော်သော်အစား လင်းမြင့်မိုရ်၊ ခင်သန်းဝေအစား ဇွန်ယုယဦး၊ အေးအေးမိုးအစား နန့်ဇူဇူးထက်၊ ဂျူလိုင်ကျော် အစား ခင်မိုးဝေ၊ ဖြူဖြူဝင်းအစား ခိုင်သဇင်၊ နော်ထက်ထက်ဝေ အစား သင်းသင်းယု တို့ကို လဲလှယ်အသုံးပြုခဲ့သည်။ တောင်ကိုရီးယား ယူ-၂၀ အသင်းသည် အနိုင်ဂိုးများကို ဒုတိယပိုင်းတွင် သွင်းယူ ခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယားခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်ပြီး ဒုတိယပွဲ အဖြစ် မေ ၁ ရက်တွင် တောင်ကိုရီးယား အမျိုးသမီးကလပ် Seoul Cityအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မေ ၃ ရက်တွင် တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။