ရန်ကုန် ဇွန် ၂၄
မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)၏ ကြီးကြပ်မှုဖြင့် နိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် Esports အသင်း (Team Zanaka)သည် ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲအကြို ဒေသတွင်းခြေစစ်ပွဲများ (20th Asian Games Aichi-Nagoya 2026 Regional Qualifiers)တွင် အာရှမှ ထိပ်သီးအင်အားကြီးနိုင်ငံများကို ရင်ဆိုင်ကျော်ဖြတ်ကာ ပြိုင်ပွဲဝင်ကစားနည်း ငါးခုစလုံးတွင် အာရှအားကစားပွဲတော်သို့ တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။
ဝင်ရောက်ခွင့်ရရှိခဲ့သည့် Esports ကစားနည်းငါးမျိုးမှာ Honor of Kings (HOK)၊ PUBG Mobile (PUBGM)၊ Mobile Legends: Bang Bang (MLBB) ၊ eFootball Mobile ၊ eFootball Console တို့ ဖြစ်သည်။
ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့(Aichi-Nagoya, Japan)၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကြီးတွင် Esports ကစားနည်း ၁၁ မျိုးအတွက် ရွှေ၊ ငွေ၊ ကြေး ၁၁ ခုစီဖြင့် စုစုပေါင်း ဆုတံဆိပ် ၃၃ ခု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်(MESF)အနေဖြင့် လာမည့် အာရှအားကစား ပွဲတော်ကြီးတွင် သမိုင်းဝင်ဆုတံဆိပ်များ ဆွတ်ခူးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကစားသမားများ၏ နည်းဗျူဟာပိုင်း၊ ကြံ့ခိုင်မှုပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ အဆင်သင့်ဖြစ်စေရန်အတွက် Intense National Bootcamp/ Camp ကို အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


