မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေ

ရန်ကုန်   မတ်   ၂၄

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်းသည် ဧပြီလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့် လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်မလာဘဲ ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေခြင်းဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် တစ်ပတ်ကျော် လေ့ကျင့်မည်ဖြစ်ပြီး ဧပြီ ၂ ရက်မှ ၁၀ ရက် အထိ ကျင်းပမည့် အာဆီယံဖူဆယ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ကစားသမား ၂၂ ဦး ခေါ်ဆောင်သွားပြီး အာဆီယံ ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၁၄ ဦး ရွေးချယ်ရမည်ဖြစ်ရာ စုစုပေါင်း ရှစ်ဦး လျှော့ချရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲတွင် စတုတ္ထနေရာသာ ရခဲ့သော်လည်း အသန့်ရှင်းဆုံးအသင်းဆုနှင့် ဂိုးသမား ကျော်ထက်အောင်က ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုတို့ ရရှိခဲ့သည်။

ကိုညီလေး