မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလ တတိယပတ် စတင်လေ့ကျင့်မည်

နေပြည်တော်   ဖေဖော်ဝါရီ   ၁၄

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလတတိယပတ်တွင် စတင် လေ့ကျင့်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇန်နဝါရီလက ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များအပြီးတွင် ခေတ္တအနားယူကာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများ အတွက် ပြီးခဲ့သည့်နှစ်လယ်ပိုင်းကတည်းက လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ တွင် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တို့ ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲတစ်ခုပြီးတိုင်း ရက်အနည်းငယ်သာ အနားယူကာ ပြန်လည်လေ့ကျင့်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများအနက် အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သလို အာရှဖလား နောက်ဆုံးအဆင့်တွင် အုပ်စုအဆင့်မှထွက်ခဲ့ရသော်လည်း အာရှထိပ်သီး ဂျပန်နှင့် တောင်ကိုရီးယားတို့ကို ယခင်တွေ့ဆုံမှုများထက်ပေးနည်းအောင် ကစားနိုင်ခဲ့ခြင်း၊ အာဆီယံ ထိပ်သီး ဗီယက်နမ်အသင်းကို နှစ်ကြိမ်တိုင် ဦးဆောင်ပြီးမှ သရေကျခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် နှစ်လကျော်အချိန်ယူပြင်ဆင်သွားမည်ဖြစ်ပြီး အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခဲ့သည့်အသင်းကိုသာ အခြေခံဖွဲ့စည်းသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်သည် ပဏာမကစားသမား ၃၀ ဖြင့် ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင်ကစားနေသည့် ဝင်းသိင်္ဂီထွန်းမှာမူ လတ်တလော လာရောက်ပူးပေါင်းနိုင်မည်မဟုတ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ တွင် ကြေးတံဆိပ်ရရှိခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု ရရှိထားသည်။ (၃၁) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို လာမည့်မေလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပ သွားမည်ဖြစ်သည်။

ကိုညီလေး