မြန်မာ့လက်ရွေးစင်အသင်း ကစားသမားအစုံအလင်ဖြင့် စတင်လေ့ကျင့်

၃ ဇွန် 

 

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနှင့် ခြေစမ်းပွဲကစားရန် လေ့ကျင့်ပြင်ဆင်မှုပြုလုပ်လျက်ရှိပြီး ဇွန် ၃ ရက် ညနေပိုင်းမှစ၍ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မေ ၂၈ ရက်မှစ၍ လေ့ကျင့်ခဲ့သော်လည်း ကစားသမားအများစု ကလပ်အသင်းပွဲများကြောင့် ယနေ့မှ လူစုံလေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် ရာဒူလိုဗစ်သည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ပဏာမလူစာရင်းရွေးချယ်ရာတွင် ထိုင်းကလပ်အသင်းများ၌ သွားရောက်ကစားနေသည့် ကစားသမားများကို ရွေးချယ်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်သောကြောင့် ရန်ကုန်၊ ရှမ်းယူနိုက်တက်၊ စစ်ကိုင်းနှင့် ရခိုင်အသင်းတို့မှ ကစားသမားများပါ လက်ရွေးစင်အသင်းနှင့် လာရောက် ပူးပေါင်းနေခြင်းဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၁၁ ရက်နေ့တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမားအစုံအလင်လေ့ကျင့်ချိန် ရှစ်ရက်ရမည်ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ မထွက်ခွာမီ အပြီးသတ်လူရွေးချယ်မည် ဖြစ်သည်။ 

 

ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် ကျော်ကိုကို၊ အောင်သူ၊ ဇော်မင်းထွန်း၊ စည်သူအောင်နှင့် သန်းထက်အောင်တို့ပါ မြန်မာ့လက်ရွေးစင်အသင်းနှင့် လာရောက်ပူးပေါင်းနေပြီဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်-ရာဒူလိုဗစ် (မွန်တီနီဂရိုး)၊ လက်ထောက်နည်းပြ-ဗလာဒီမာ (မွန်တီနီဂရိုး)၊ ဦးဇော်လင်းထွန်း (မြန်မာ)၊ ဂိုးနည်းပြ-ဝီလီ (ဘယ်လ်ဂျီယံ) ဂိုးသမား-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ နိုင်ဇေယျာထွန်း (ဇွဲကပင်)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-ဇော်မင်းထွန်း(ချောင်ဘူရီ)၊ ဇော်လင်း၊ စိုးမိုးကျော် (ဧရာဝတီ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ချမ်းငြိမ်း (ရခိုင်)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ အောင်လှိုင်ဝင်း (စစ်ကိုင်း)၊ ရန်နိုင်အောင် (ဟံသာဝတီ)၊ လှိုင်းဘိုဘို၊ ရဲကိုဦး (ရတနာပုံ)၊ ဆွမ်လမန် (ရှမ်းယူနိုက်တက်)၊ စည်သူအောင် (ချောင်ဘူရီ)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) နှင့် ဝင်းနိုင်စိုး (ရတနာပုံ) တို့ ပါဝင်ကြသည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်