မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားရန် စင်ကာပူနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  ၉ ဇွန် 

 

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီး အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၁၁ ဦး၊ ကစားသမား ၂၂ ဦး လိုက်ပါသွားသည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ရာဒူလိုဗစ် (မွန်တီနီဂရိုး)၊ လက်ထောက်နည်းပြ-ဗလာဒီမာ (မွန်တီနီဂရိုး)၊ ဦးဇော်လင်းထွန်း (မြန်မာ)၊ ဂိုးနည်းပြ-ဝီလီ (ဘယ်လ်ဂျီယံ) ဂိုးသမား-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ နောက်တန်း-ဇော်မင်းထွန်း(ချောင်ဘူရီ)၊ ဇော်လင်း၊ စိုးမိုးကျော် (ဧရာဝတီ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ ရန်နိုင်အောင် (ဟံသာဝတီ)၊ လှိုင်းဘိုဘို၊ ရဲကိုဦး (ရတနာပုံ)၊ ဆွမ်လမန် (ရှမ်းယူနိုက်တက်)၊ စည်သူအောင် (ချောင်ဘူရီ)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) နှင့် ဝင်းနိုင်စိုး (ရတနာပုံ) တို့ ပါဝင်ကြသည်။ ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရန်နိုင်အောင်နှင့် ဇော်လင်းတို့ ပထမဆုံး ရွေးချယ်ခံရပြီး  ဒဏ်ရာမှ ပြန်ကောင်းလာသည့် တိုက်စစ်မှူးကျော်ကိုကိုအပါအဝင် ရဲကိုဦးနှင့် ဆွမ်လမန်တို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ 

 

စင်ကာပူလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကို ဇွန် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF