မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြနှစ်ဦးခန့်အပ်

ရန်ကုန် ၁ ဇွန်


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအတွက် လက်ထောက်နည်းပြနှစ်ဦး ခန့်အပ်ခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် မေ ၂၈ ရက်မှစ၍ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး လက်ထောက်နည်းပြအဖြစ် ဦးဇော်လင်းထွန်း၊ ဂိုးနည်းပြအဖြစ် ဝီလီမူဘတ်တို့ကို ခန့်အပ်ခဲ့ကာ အသင်းနှင့်အတူ စတင်တာဝန်ယူဆောင်ရွက်နေပြီ ဖြစ်သည်။ 


ပြည်တွင်းလက်ထောက်နည်းပြအဖြစ် တာဝန်ပေးအပ်ခံရသည့် ဦးဇော်လင်းထွန်းသည် ယခုရာသီတွင် စစ်ကိုင်းအသင်းနည်းပြချုပ်အဖြစ်လည်း တာဝန်ယူနေသောကြောင့် တွဲဖက်အဖြစ်သာ ခန့်အပ်ထားခြင်း ဖြစ်သည်။ 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဂိုးနည်းပြနေရာအတွက် ပြည်တွင်းနည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်သော်လည်း အဆင်မပြေသောကြောင့် ဘယ်လ်ဂျီယံနိုင်ငံသား ဝီလီမူဘတ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်အဖြစ် ရာဒူလိုဗစ် (မွန်တီနီဂရိုး)၊ လက်ထောက်နည်းပြအဖြစ် ဗလာဒီမာ (မွန်တီနီဂရိုး)နှင့် ဦးဇော်လင်းထွန်း (မြန်မာ)၊ ဂိုးနည်းပြအဖြစ် ဝီလီမူဘတ် (ဘယ်လ်ဂျီယံ)တို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ 


မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ နိုင်ဇေယျာထွန်း (ဇွဲကပင်)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-ဇော်မင်းထွန်း (ချောင်ဘူရီ)၊ ဇော်လင်း၊ စိုးမိုးကျော် (ဧရာဝတီ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ချမ်းငြိမ်း (ရခိုင်)၊ အလယ်တန်း- ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ အောင်လှိုင်ဝင်း (စစ်ကိုင်း)၊ ရန်နိုင်အောင် (ဟံသာဝတီ)၊ လှိုင်းဘိုဘို၊ ရဲကိုဦး (ရတနာပုံ)၊ ဆွမ်လမန် (ရှမ်းယူနိုက်တက်)၊ စည်သူအောင် (ချောင်ဘူရီ)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) နှင့် ဝင်းနိုင်စိုး (ရတနာပုံ)တို့ ပါဝင်ကြသည်။ 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်