မြန်မာ့လက်ရွေးစင်အသင်း မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲကစားရန် စီစဉ်

၁၄ ဖေဖော်ဝါရီ

 

၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲ အုပ်စုပွဲများကို မတ်နောက်ဆုံးပတ်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲများမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းကာလတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းနှစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ အနည်းဆုံးကစားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် နည်းပြအဖွဲ့ဝင်များသည် ကစားသမားများ ရွေးချယ်ရန် ပြည်တွင်းပွဲများကို လိုက်လံကြည့်ရှုလျက်ရှိပြီး နိုင်ငံတကာပွဲများအတွက် လိဂ်ပွဲစဉ်ရပ်နားသည့် မတ်တတိယပတ်တွင် စခန်းဝင်လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။

 

 မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ခြေစမ်းပွဲကစားရန် အာရှဒေသတွင်းမှ လက်ရွေးစင်အသင်းများကို ဖိတ်ကြားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဖေဖော်ဝါရီတွင် ခြေစမ်းပွဲတစ်ပွဲကစားခွင့်ရရန် တောင်းဆိုခဲ့သော်လည်း အသင်းများဖိတ်ကြားမှု အဆင်မပြေသောကြောင့် မတ်လမှသာ ခြေစမ်းပွဲကစားနိုင်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိနည်းပြအန်တွမ်နီဟေးလက်ထက်တွင် ရလဒ်ကောင်းများရရှိနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲစလုံး အနိုင်ရထားသလို နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း အနိုင်ရထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထားပြီး သုံးပွဲထပ်မံကစားရမည်ဖြစ်သည်။

 

ညီမြတ်သော်တာ