မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဇန်နဝါရီလကုန် ခန့်အပ်မည်

mdn

ရန်ကုန် ၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ကို ဇန်နဝါရီလကုန်တွင် ခန့်အပ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သည့် ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးနှင့် ၂၀၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းပြသစ်တစ်ဦး ရှာဖွေနေခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်ကိုလည်း နိုင်ငံခြားသား နည်းပြခန့်အပ်မည်ဖြစ်ပြီး လာရောက်လျှောက်ထားသူ များပြားနေသလို နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန် (ဘယ်လ်ဂျီယံ) ၏ အဆက်အသွယ်ဖြင့်လည်း နည်းပြသစ် ရှာဖွေလျက်ရှိသည်။ 

 

လာရောက်လျှောက်ထားသည့် နိုင်ငံခြားသားနည်းပြများအနက် ပဏာမအဆင့် စတင်ရွေးချယ်ကာ နောက်ဆုံးခန့်အပ်မည့် နည်းပြကို အဆင့်ဆင့် ရွေးချယ်မည်ဖြစ်သည်။

 

အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ၂၀၁၈ ခုနှစ် မေလတွင် စတင်ခန့်အပ်ခံရသော်လည်း အဓိကပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် ယင်းပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ရခြင်း ဖြစ်သည်။ 

 

အန်တွမ်နီဟေးသည် မြန်မာ ယူ-၂၃ အသင်းနှင့် အာရှအားကစားပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်သော်လည်း ဆူဇူကီးပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံခြားသား နည်းပြများသာ တာဝန်ပေးခဲ့ပြီး မြန်မာနည်းပြများကိုမူ ယာယီနှင့် ကာလတိုသာ တာဝန်ပေးအပ်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ်တွင် အဓိက နိုင်ငံတကာပြိုင်ပွဲများ ကျင်းပရန်မရှိဘဲ နိုင်ငံတကာခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်