မြန်မာ့လွတ်လပ်ရေးကြီး (၇၅) နှစ်မှသည် ရာပြည့်အလီလီ ကမ္ဘာတည်သရွေ့တိုင်အောင် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းစကားပါးလိုက်ချင်ပါတယ်

ဦးတင်သန်းဝင်း(စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး)

ဇင်ဦး၊ ဟိန်းထက်ဇော်၊ ဓာတ်ပုံ - ဇော်ဦး

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပြခန်းများ၊ အလှပြယာဉ်များနှင့်ဈေးအရောင်းပြခန်းများအား တတိယနေ့အဖြစ် ဆက်လက်ပြသလျက်ရှိရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ ရိုးရာအစားအသောက်များအား လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသူများဖြင့် စည်ကားနေသည်။

မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုရရှိခဲ့သည်မှာ ယခုအခါ ၇၅ နှစ်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ရာ လွတ်လပ်ရေးနေ့အမှတ်တရဂုဏ်ပြုစကားအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက “(၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့ အမှတ်တရစကားအနေနဲ့ကတော့ ဗိုလ်ရှုခံမှာပြသလှုပ်ရှားကြတဲ့အဖွဲ့တွေ မြင်လိုက်ရတဲ့အခါမှာ လွတ်လပ်ရေးရဲ့တန်ဖိုး၊ အရသာကိုတကယ့်ကိုရင်ထဲအသည်းထဲမှာ လှိုက်လှိုက်လှဲလှဲခံစားရပါတယ်။ ဒီလွတ်လပ်ရေးကို ဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်တော့ဘူး။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးကြီး (၇၅)နှစ်မှသည် ရာပြည့်အလီလီ ကမ္ဘာတည်သရွေ့တိုင်အောင်တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းစကား ပါးလိုက်ချင်ပါတယ်” ဟု ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြခန်းနှင့်ပြခန်းယာဉ်များပြသနေမှုနှင့်ပတ်သက်၍ “စစ်ကိုင်းတိုင်းဒေသကြီးပြခန်းမှာတော့ တိုင်းဒေသကြီးရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ၊ သမိုင်းအစဉ်အလာရှိခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့သမိုင်းကြောင်းတွေကို ပေါ်လွင်အောင်ပြသထားပါတယ်။ အလှပြယာဉ်မှာတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့ ကောင်းမှုတော်စေတီပုံစံငယ်တွေ၊ အလောင်းမင်းတရား နန်းတော်ကြီးကနေအစချီပြီး ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ကစတဲ့လူသား ယဉ်ကျေးမှုတွေကို ဖော်ပြတဲ့ဟန်လင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရဲ့အကြောင်းတွေ ပြသထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုကလည်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရင်ပြည်နယ် ကိုယ်စားပြုပြခန်းနှင့် ကရင်တိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်းတို့နှင့်ပတ်သက်၍ ပြောကြားရာ “ကျွန်တော်တို့ ဂုဏ်ပြုယာဉ်မှာ ကရင်ပြည်နယ် အထိမ်းအမှတ်ဖားစည်၊ ကျွဲချိုကိုအဓိကထားပြီး ပြသထားတာဖြစ်ပါတယ်။ နောက်ခံအနေနဲ့ ကရင်ပြည်နယ်ရဲ့ အထင်ကရဇွဲကပင်တောင်ကို ဖော်ညွှန်းပြသထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်ရဲ့ အကအလှတွေသဘာဝရှုခင်းတွေနဲ့ ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြသထားပါတယ်။ ပြခန်းမှာကရင်တိုင်းရင်းသားမျိုးနွယ်စု၊ ကရင်ရိုးရာတူရိယာ၊ အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ပြည်နယ်အကြီးအကဲတွေရဲ့ပုံတွေ၊ ကရင်ရိုးရာအိမ်၊ ကရင်ရိုးရာဂျပ်ခုတ်အထည်တွေကို လက်တွေ့လုပ်ဆောင်နေတာကို ပြသထားပါတယ်” ဟု ပြောကြားသည်။

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အမှတ်တရစကားအနေဖြင့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းမှာပြောကြားသွားတဲ့ ငြိမ်းချမ်းရေးကိုအဓိကလိုလားပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ပါဝင်ဆင်နွှဲကြတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေနဲ့ အကအလှတွေဟာငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေဆိုတာ ခံစားသိမြင်ခွင့်ရတဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကလူငယ်တွေ ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ နှစ်သစ်ကူးအနေနဲ့ ၂၀၂၃ မှာ ကရင်ပြည်နယ်နဲ့တကွ တစ်နိုင်ငံလုံး အေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

ထို့အတူ ရှမ်းပြည်နယ်ကိုယ်စားပြု ပြခန်းပြသမှုနှင့်ပတ်သက်၍လည်း ရှမ်းပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက “ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုးစု ၃၃ မျိုးလောက်ရှိတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းတွေကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြခန်းမှာ ခင်းကျင်းပြသပါတယ်။ ရှမ်းပြည်နယ်ကိုလာတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်အတွက် လူထုအခြေပြုခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်တွေကိုသိရှိဖို့အတွက် ပုံစံတူတွေနဲ့ခင်းကျင်းပြသထားပါတယ်။ အထူးခြားဆုံးပြကွက်ကတော့ အင်းလေးဒေသမှာရှိတဲ့ ကြာချည်လုပ်ငန်း ဖြစ်ပါတယ်။ ကြာချည်လုပ်ငန်းဟာဆိုရင် တစ်နိုင်ငံလုံးမှာမှ အင်းလေးဒေသမှာပဲထုတ်လုပ်ပါတယ်။ ကြာချည်နဲ့ သင်္ကန်းတွေ၊ ကြာချည်ထည်တွေ၊ ကြာနဲ့ပိုးရောပြီးတော့ရက်လုပ်ပြီး ထုတ်လုပ်တာရှိပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းအနေနဲ့ ပင်းပက်သံမဏိစက်ရုံက သံရိုင်းတွေကို ရထားလမ်းကတစ်ဆင့် မြင်းခြံသံမဏိစက်ရုံကိုပို့တဲ့ ပုံစံငယ်တွေလည်း ပြသထားပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံးထွက်တဲ့ သီးနှံတွေ၊ မက္ကဒေးမီးယား၊ ကော်ဖီ၊ ထောပတ်၊ နေကြာနဲ့ပြည်ပပို့ကုန်ဖြစ်တဲ့ ပြောင်းတိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွေကိုလည်း ပြသထားပါတယ်”ဟု ပြောကြားသည်။

ပြခန်းယာဉ်ပြသရာတွင်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကြီးများ၏ ပုံတူရုပ်တုများ၊ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတစဝ်ရွှေသိုက်၏ ပုံတူရုပ်တုနှင့် အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့၏ ပုံတူရုပ်တုများကိုလည်း သရုပ်ဖော်ပြထားသည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေး၏ ပင်မအရင်းအမြစ်ဖြစ်သည့် တောင်တန်း-ပြည်မ ပူးပေါင်းဆောင်ရွက်သည့် ပင်လုံစာချုပ်အထိမ်းအမှတ်ကို ဖော်ကျူးထားသော ပင်လုံကျောက်တိုင်၊ ကျိုင်းတုံမြို့ရှိ အဘယလာဘမုနိ၊ ခြေထောက်ဖြင့် လှေလှော်သည့် အင်းသားယဉ်ကျေးမှုပုံရိပ်များကိုလည်း ဖော်ကျူးပြသထားသည်။ ပြခန်းတွင် “ဝ” အကအဖွဲ့၊ ကိုးကန့်အကအဖွဲ့၊ ရှမ်းပြည်တောင်ပိုင်းအကအဖွဲ့ ငါးဖွဲ့တို့က ရိုးရာယဉ်ကျေးမှု ဝတ်စုံတွေနဲ့ ကပြဖျော်ဖြေနေသည်ကိုလည်းမြင်တွေ့ရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမှတ်တရစကားအနေဖြင့် ရှမ်းပြည်နယ်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးက “တိုင်းရင်းသားတွေ စည်းလုံးညီညွတ်စွာရယူထားတဲ့လွတ်လပ်ရေးအတွက် အဓွန့်ရှည်အောင်၊ ပိုပြီးခိုင်မြဲအောင်၊ စည်းလုံးညီညွတ်မှုကိုလည်း မပြိုကွဲအောင် အားလုံးပူးပေါင်းပါဝင်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ပေးကြပါလို့ပြောချင်ပါတယ်”ဟု ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြုအရောင်းပြခန်းများတွင် ပါဝင်ပြသသည့် ZegoMoney ပြခန်းတာဝန်ခံ ကိုသန်းညွန့်အောင်ကလည်း “(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကြီးမှာ ကျွန်တော်တို့ပြတဲ့ ပြခန်းကတော့ ဒစ်ဂျစ်တယ်ငွေပေးချေမှုအားကောင်းဖို့အတွက် ZegoMoney အက်ပလီကေးရှင်းနဲ့ ငွေပေးချေမှုစနစ်တွေသိရှိအောင် လာရောက်ပြသခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ပြခန်းတွေကို လာရောက်လေ့လာတဲ့ ပြည်သူတွေကို ကျွန်တော်တို့ zegomoney အက်ပလီကေးရှင်းလေး ဒေါင်းလုပ်လုပ်လိုက်တာနဲ့ ငွေဖြည့်တဲ့အခါ ၅ ရာခိုင်နှုန်းပေးပါတယ်။ နောက်ထပ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပုံစံ ဗလာမပါကံစမ်းမဲတွေ မဲဖောက်ပေးပါတယ်။ အမြင့်ဆုံးအနေနဲ့ကတော့ ငွေကျပ်တစ်သိန်းဆုမဲတွေဖောက်ပေးတာရှိပါတယ်။ အက်ပလီကေးရှင်းအနေနဲ့ကတော့ဈေးဝယ်ချင်တာ၊ မိမိမှာရှိတဲ့ မလိုအပ်တော့တဲ့ပစ္စည်းတွေ ပြန်ရောင်းချင်တဲ့အခါ ပိုမိုလွယ်ကူအဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေပြပွဲကြီးမှာ အခုလို ပထမဆုံးပါဝင်ပြသခွင့်ရတာကိုလည်း အလွန်ဝမ်းသာမိပါတယ်” ဟု ဆိုသည်။

ယခုပြသလျက်ရှိသည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးအရောင်းပြခန်းများကို ဇန်နဝါရီ ၈ ရက်အထိ ဆက်လက်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။