မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် (၃၀)နှစ်ချမှတ်

နေပြည်တော် ၃ ဇူလိုင်


    
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စမ်းချောင်းရပ်ကွက်နေ မတင်တင်ခိုင်(ခ)မခိုင် (ဘ)ဦးညို၊ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ရွာနေမဌေးဌေး (ဘ) ဦးတင်မြင့်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် နေကျော်မင်းဦး (ဘ) စိစစ်ဆဲနှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့နေ မခင်မာလာသိန်း (ခ) နွယ်နီခိုင်တို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ရွာနေ မ××× အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့သည်။

 

အဆိုပါတရားခံများကပင် လယ်ဝေးမြို့နယ်၊ ပင်သောင်ရွာနေ မ××× အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့မှုအားလည်းကောင်း၊ အလားတူ မတင်တင်ခိုင်(ခ)မခိုင်၊ မခင်မာလာသိန်း (ခ) နွယ်နီခိုင်နှင့် မဌေးဌေးတို့သည် လယ်ဝေးမြို့နယ်၊ ပင်သောင်ရွာနေ မ××× အား မူဆယ်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးပြီး တရုတ်အမျိုးသား တစ်ဦးထံရောင်းစားခဲ့မှုအား လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းများက အမှုဖွင့်လှစ် တရားစွဲတင်ပို့ခဲ့ရာ ၂၀၁၉ခုနှစ် ဇွန် ၂၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးမှ မတင်တင်ခိုင်နှင့် မဌေးဌေးတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ − ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီဖြင့် (၃)မှုအတွက် အလုပ်နှင့်ထောင်ဒဏ် (၃၀)နှစ်အား သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်