မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပ

ပဲခူး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်ပွဲကို ဧပြီ ၁၇ ရက် ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံ ဟောင်းလမ်းပေါ်ရှိ နှစ်ဦး တရားအလှူဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပသည်။

ဦးစွာ သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကို ဧပြီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမ‌ဏေကျော်တက္ကသိုလ် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)ကလည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ)ကလည်းကောင်း တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်