မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ စတုတ္ထနေ့ကျင်းပ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ

နေပြည်တော် မေ ၂၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌  ဆက်လက်ကျင်းပရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ  ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့်  ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင် ၇၀မှ ပြခန်းပေါင်း ၄၀ ခန့်က ခင်းကျင်းပြသလျက်ရှိရာ   Electric Vehicle (EV)မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်စက်ဘီးနှင့် ဆီသုံးဆိုင်ကယ်တို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြသည်။

တရုတ်နိုင်ငံဘက်မှ လာရောက်ပြသသည့်  Henan Feibo Vehicle Industry Co., LTD ပြခန်း က အရောင်းမိတ်ဆက်သည့် BOMA –X9 လျှပ်စစ်မော်တော်ကားသည် အကြမ်းဖျင်းဈေး သိန်း၁၂၀ ခန့်ဝန်းကျင်ရှိပြီး အမြန်နှုန်း ၅၅ ကီလိုမီတာ၊ မိုင်အားဖြင့် မိုင် ၁၀၀ ခန့်၊ အားသွင်းရာတွင်လည်း မိမိအိမ်ရှိ လျှပ်စစ်ဖြင့် ဗို့အား ၂၂၀ ဗို့ ဖြင့် အားသွင်းနိုင်ပြီး ကြာချိန် ၃နာရီ၊ ၆ နာရီ ခန့် ကြာမြင့်သည်ဟု သိရသည်။ ထို့ပြင် BOMA-X7, BOMA- X5 လျှပ်စစ်မော်တော်ကားတို့သည်လည်း အကြမ်းဖျင်းဈေး ၈၀သိန်း၊ ၆၅ သိန်းတို့ ဖြစ်ပြီး အရောင်ကာလာ အမျိုးမျိုးရှိကြောင်းသိရသည်။ BM-1.8  လျှပ်စစ် သုံးဘီးဆိုင်ကယ်သည် အကြမ်းဖျင်းဈေး ၃၂သိန်းခန့်ရှိပြီး တန်ချိန် ၁ တန်ခွဲတင်နိုင်ပြီး ဟိုက်ဒရောလစ် စနစ်ပါဝင်ပြီး N-9 လျှပ်စစ်ဆိုင်ကယ် အမျိုးအစားသည် အားသွင်းချိန် ၂ နာရီခန့်ရှိပြီး မိုင် ၃၀ ခန့်သွားနိုင်သည် ဟုသိရသည်။ ကုမ္ပဏီအနေဖြင့် မကြာမီတွင် ဈေးကွက်အတွင်းသို့ ရောင်းချသွားမည်ဖြစ်ပြီး ထို လျှပ်စစ်မော်တော်ကား၊ မော်တော် ဆိုင်ကယ် နှင့် သုံးဘီဆိုင်ကယ်တို့ကို  ကုမ္ပဏီဘက်မှ အစမ်းမောင်းနှင်ခွင့် ပေးထား၍ ဈေးဝယ်ပြည်သူများက စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်မှ ထုတ်လုပ်လျက်ရှိသည့် Myanmar New Power Motorcycle Co.LTD မှ တာဝန်ရှိသူ ဉီးအောင်ကျော်ဝင်း က “ ဒီကုန်စည်ပြပွဲမှာ ဆီသုံးဆိုင်ကယ်နဲ့ လျှပ်စစ်သုံးဆိုင်ကယ်ဆိုပြီး နှစ်မျိုးပြသဖြစ်ပါတယ်။ လျှပ်စစ်သုံးဆိုင်ကယ်အမျိုးအစားကိုတော့ ဒီပြပွဲမှာ တစ်မျိုးတည်းပဲ ပြသပါတယ်။ ဒီလျှပ်စစ်သုံးဆိုင်ကယ်ရဲ့ အမြန်နှုန်းက အများဆုံး ၁၀၀ ကီလိုမီတာထိ မောင်းလို့ရပါ တယ်။ ဒါပေမယ့်  ဈေးကွက်ထဲမှာ အသစ်ဆိုတော့ တော်တော်များများက သိပ်မစီးရဲကြ သေးပါဘူး။ အသံမထွက်ဘဲ ပြေးသွားတာဆိုတော့ လက်ရှိစီးနေကျ ဆိုင်ကယ်တွေနဲ့ ကွာဟမှုလေးတွေရှိနေတဲ့အတွက် မစီးရဲတဲ့ သဘောဖြစ်နေပါတယ်။ အားသွင်းချိန် ကတော့  သုညကနေ အပြည့်ထိသွင်းမယ်ဆိုရင် ကြာချိန် ၇ နာရီခန့် ရှိပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင်တော့ မိုင် ၄၀ ကနေ ၅၀ ကြားအထိ သွားနိုင်ပါတယ်။ လျှပ်စစ်ဆိုင်ကယ်ကို အကြမ်းဖျင်းဈေး သိန်း ၅၀ ကျပ်လို့ သတ်မှတ်ထားပါတယ်။ ဒီလျှပ်စစ်ဆိုင်ကယ်က အခုမှ အသစ်ဝင်တာဖြစ်တဲ့အတွက် လိုင်စင်ရရှိဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။ အခုလောလောဆယ် စမ်းသပ်ကာလဖြစ်တဲ့အတွက် အရစ်ကျစနစ်တော့ မပေးသေးပါဘူး။ ထုတ်လုပ်မှု အားကောင်းလာရင်တော့ အရစ်ကျစနစ် ချပေးသွားဖို့ အစီအစဉ်တော့ ရှိပါတယ်။ 

နောက်တစ်မျိုးကတော့ ဆီသုံးဆိုင်ကယ် 110နဲ့  125 ဆိုင်ကယ် အမျိုးအစား  နှစ်မျိုး ပြသထားပါတယ်။ လိုင်စင်ပါ 125 ဆိုင်ကယ်ကို ငွေကျပ် ၁၆ သိန်းခွဲ နဲ့ 110 ဆိုင်ကယ်ကို ငွေကျပ် ၁၆ သိန်းနဲ့ရောင်းချပေးပါတယ်။ ဒီဆိုင်ကယ် နှစ်မျိုးကတော့  နောက်အပတ်ထဲမှာ လိုင်စင်ရမှာ ဖြစ်တဲ့အတွက် လာရောက်ဝယ်သူတွေ ဆီက မှတ်တမ်းလေးတွေ ယူထားပါတယ်။ လိုင်စင်ရရှိပြီဆိုရင်တော့ ဆက်သွယ်ပေးသွားမှာပါ။  စိတ်ဝင်စားသူတွေတော့  တော်တော်များပါတယ်။ အကြိုက်ချင်းတွေတော့ မတူကြပါဘူး။ နှစ်သက်ရာ ဆိုင်ကယ်တွေကို အစမ်းမောင်းနှင်ခွင့်ပေးထားတဲ့အတွက်  ဈေးဝယ်သူတွေရဲ့ စိတ်ဝင်စားမှုတော်တော်ရပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ လာရောက်ပြသသည့် EV MALL Myanmar  ကုမ္ပဏီ ပြခန်းတွင် ရောင်းချသည့် MG 4 (long Range) Standand,  NETA Pro ,BYD Han  နှင့် Honda ENS လျှပ်စစ်မော်တော်ကား အမျိုးအစားတို့သည် AC စနစ်ကို အသုံးပြုပါက အားသွင်းချိန် ၈ နာရီဖြစ်၍  DC စနစ်ကို အသုံးပြုပါက မိနစ် ၃၀ ခန့်သာ ကြာမြင့်ပြီး မိုင်အားဖြင့် ၃၀၀ မိုင်အထိ သွားနိုင်ကြောင်းသိရသည်။  ထိုမော်တော် ကားအမျိုး အစားများ၏ ဘက်ထရီနှင့် မော်တာတို့အတွက် အာမခံ  ၈ နှစ်ပေးထားကြောင်းလည်း သိရသည်။

ကုန်စည်ပြပွဲတွင် လာရောက်ရောင်းချကြသည့် လူသုံးကုန်ပစ္စည်းအမျိုးအစားနှင့် ဆက်စပ်လျက်ရှိသည့် Yoma Bank  ပြခန်းမှ တာဝန်ရှိသူ ဉီးထွန်းထွန်းလင်းက “ ကျွန်တော်တို့ ဘဏ် နှစ် ၃၀ ပြည့်နဲ့ ဒီကုန်စည်ပြပွဲရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားပါတယ်။ ကျွန်တော့်တို့ ဘဏ်က ဒီကုန်စည်ပြပွဲမှ မဟုတ်ပါဘူး။  တစ်နိုင်ငံလုံးမှာ ကျင်းပတဲ့ ဘယ်ပွဲမဆို ပါဝင်ပူးပေါင်းဖြစ်ပါတယ်။ ဒီပြပွဲကို ပါဝင်ဖြစ်တဲ့ ရည်ရွယ်ချက်က  ဒီကုန်စည်ပြပွဲနဲ့ ကျွန်တော်တို့ဘဏ်ရဲ့  Productတွေနဲ့လည်း ကိုက်ညီပါတယ်။ ကျွန်တော်တို့ဘဏ်မှာ ကားအရစ်ကျ၊ အိမ်ရာချေးငွေ တို့လည်း ရှိပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေလည်း လာကြည့်ကြမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ချေးငွေအမျိုးအစား အမျိုးမျိုးရှိတဲ့အတွက် သူတို့နဲ့ ကိုက်ညီတဲ့ ချေးငွေတွေကို ကျွန်တော်တို့က ရှင်းပြချင်တာပါ။ ကျွန်တော်တို့ ဘဏ်ရဲ့ လုပ်ဆောင်မှုတွေကို ဒီကုန်စည်ပြပွဲကနေ တစ်ဆင့် လူများစွာကို ဖြန့်ကျက်ပြီး ပိုမိုသိနိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲတွင် လက်ဝတ် ရတနာများ၊ အိမ်တွင်း အလှဆင် ပရိဘောဂအမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲ၊  ကော်ဖီ၊ သဘာဝ မန်ကျဉ်းလုံးနှင့် ဇီးလုံး၊ သဘာဝ မန်ကျဉ်းအနှစ်၊ ဇီးအနှစ်၊ အချိုရည်၊ ပေါ်ဆန်းမွှေးဆန်၊ ကြာဇံ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဒေသထွက်အစားအစာများဖြစ်သည့် ငပိ၊ ငါးခြောက်၊ သီဟိုစေ့၊ ပိန္နဲယို၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကြွေပြား၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အချိုရည်၊ ရိုးရာအရက်၊ LED  မီးသီးနှင့် မီးချောင်းများ၊  ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ၊ အင်ဘက်တာ၊  ဘက်ထရီ၊  EV-Charging နှင့် ဆက်စပ်ပစ္စည်းများ၊ သစ်သား အချောထည်၊  လက်ဖက်ခြောက်၊  သစ်ကြားသီး၊ စားသောက်ကုန် အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကိုးကန့်ရိုးရာအဝတ်အစားများနှင့် အသုံး အဆောင်ပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသ ရောင်းချလျက်ရှိရာ ဈေးဝယ်ပြည် သူများဖြင့် စည်းကားလျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကိန်းပြခန်းတွင် အထူးဈေးနှုန်းဖြင့် မြေကွက်များကို ဝယ်ယူနိုင်သည့်အပြင် လျှပ်စစ်သုံး မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးနှင့် စက်ဘီးတို့ကိုလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။

စတုတ္ထအကြိမ်မြောက်ကျင်းပသည့် မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို   မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သည်များအကြား ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ကုန်သည်လုပ်ငန်းရှင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုနည်းပညာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်၍  ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း-အေးအေးသန့်
ဓာတ်ပုံ-ထိန်နန်နော်