မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ တတိယနေ့ကျင်းပ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက်လေ့လာ

နေပြည်တော် မေ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ တတိယနေ့ ကို ယနေ့နံနက်ပိုင်းမှစတင်၍  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန-၂ ၌  ဆက်လက်ကျင်းပရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြသည်။

ကုန်စည်ပြပွဲ တတိယနေ့တွင် ရွှေ၊ ကျောက်စိမ်း၊ ပယင်း၊ သဘာဝတွင်းထွက် ပစ္စည်း တို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ် ရတနာများ၊ နေပြည်တော် ပုံရိပ်သစ် သစ်ထွင်းပန်းချီလေဆာခြစ်လုပ်ငန်းမှ  ခင်းကျင်းပ ပြသထားသည့် အိမ်တွင်း အလှဆင် ပရိဘောဂအမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ရခိုင်ရိုးရာပုဆိုးနှင့် လုံချည်၊ Moe Thiri Garment & Distribution မှ ရောင်းချလျက်ရှိသည့် ဆွဲသားအင်္ကျီအမျိုးမျိုးနှင့် နိမ့်ခုံးကနုကမာ အချောထည်မှ ကျင်းခင်းပြသထားသည့် ပရိဘောဂအမျိုးမျိုးတို့တွင်လည်း ဈေးဝယ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ထို့ပြင် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အရောင်းပြခန်းများတွင် ခင်းကျင်းပြသထားသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အလှကုန်၊  သစ်သား အချောထည်၊  လက်ဖက်ခြောက်၊  သစ်ကြားသီး၊ စားသောက်ကုန် အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကော်ဖီ၊ ကျောက်စိမ်းနှင့် ရိုးရာအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများတွင်လည်း ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။

မြန်မာနိုင်ငံဘက်ပြခန်းများတွင် ခင်းကျင်းရောင်းချလျက်ရှိသည့် Wah Lah အသင့်စားခေါက်ဆွဲ၊   Happy ကော်ဖီ၊ သဘာဝ မန်ကျဉ်းလုံးနှင့် ဇီးလုံး၊ သဘာဝ မန်ကျဉ်းအနှစ်၊ ဇီးအနှစ်၊ ပိန်းဉခြောက်၊ KFC ကြက်ကြော်နှင့် အချိုရည်၊ ရေထွက်ပစ္စည်း ဖြင့် ပြုလုပ်ထားသည့် မုန့်အမျိုးမျိုး၊ နှပ်ကော်ဖီ၊ ပေါ်ဆန်းမွှေးဆန်၊ ကြာဇံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်အစားအစာများဖြစ်သည့် ငပိ၊ ငါးခြောက်၊ သီဟိုစေ့၊ ပိန္နဲယို၊ Mistine Myanmarမှ ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းအမျိုးမျိုး တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိရာ ဈေးဝယ်သူများဖြင့် ကြိတ်ကြိတ် တိုးစည်းကားလျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကိန်းပြခန်းတွင် အထူးဈေးနှုန်းဖြင့် မြေကွက်များကို ဝယ်ယူနိုင်သည့်အပြင် Myanmar New Power Motorcycle Co.LTD မှလည်း ဆိုင်ကယ်အမျိုးမျိုးကို ရောင်းချပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကော်ဖီ၊ လက်ဖက်စိုနှင့် လက်ဖက်ခြောက်များထွက်ရှိရာ ပင်လယ်ရေမျက်နှာ ပြင်မှ အမြင့်ပေပေါင်း ၄၀၀၀ ကျော်တွင် တည်ရှိသော  ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံ မြို့ရှိ ဓနုမယ် ကော်ဖီနှင့် စားသောက်ကုန်လုပ်ငန်းမှ  တာဝန်ရှိသူ မမေဇော်ခိုင်က “ ကျွန်မက ရှမ်းပြည်တောင်ပိုင်း ရွာငံဒေသက ထွက်ရှိတဲ့ ပစ္စည်းတွေကို ဒီကုန်စည်ပြပွဲမှာ လာရောက်ရောင်းချပေးတာဖြစ်ပါတယ်။ ရွာငံဒေသရဲ့ အဓိက ထွက်ကုန်တွေကတော့ ကော်ဖီ၊ မက္ကဒေးမီးယား၊ ပင်မှည့်သီး၊ Green Tea လက်ဖက်ခြောက်နဲ့  CHIA Seed တို့ဖြစ်ပါတယ်။ အခုဆိုရင် ရွာငံဒေသထွက်ကုန်တွေကို  အမေရိကန်၊ ဂျပန်၊ ဉရောပနိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနေပါတယ်။ ကျွန်မတို့ဘက် က ကော်ဖီတွေက အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ဖြစ်တဲ့အတွက် Export  များများထွက်ဖို့အတွက် ထပ်ပြီးကြိုးစားနေပါတယ်။

ပြပွဲမှာ ရောင်းချဖြစ်တဲ့ ရည်ရွယ်ချက်က အဓိက တရုတ်နိုင်ငံကို တင်ပို့ရောင်း ချချင်တာကြောင့် ဖြစ်ပါတယ်။ အရင်က ကျွန်မတို့ကော်ဖီကို တရုတ်နိုင်ငံဘက် တင်ပို့ ဘူးတာ မရှိပါဘူး။  အခုတော့ ရွာငံဒေသကထွက်ရှိတဲ့ အရည်အသွေးမြင့် ကော်ဖီတွေကို တရုတ်ဘက်ကို တင်ပို့ဖို့အတွက် ကမ်းလှမ်းချက် တွေလည်း ရရှိပြီဖြစ်ပါတယ်။ ကျွန်မတို့က တရုတ်ဘက်ကို အဓိက တင်ပို့ချင်တာတွေကတော့ ကော်ဖီ၊ မက္ကဒေးမီးယား၊ ပင်မှည့်သီး၊ Green နဲ့  CHIA Seed ပဲ ဖြစ်ပါတယ်။

အခု ဓနုမယ်ကော်ဖီက ဆိုရင်  ကျွန်မတို့ကိုယ်တိုင်လည်း စိုက်ပျိုးပါတယ်။ ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေဆီကလည်း ဝယ်ယူပါတယ်။ အဓိကကတော့ ကော်ဖီ စိုက်တောင်သူတွေ ဝင်ငွေရရှိစေဖို့နဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီဈေးကွက် ချဲ့ထွင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ ကော်ဖီအပြင်  အခြားရွာငံဒေသ ထွက်ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ဖို့ အတွက်  ပြည်တွင်း ဒေသထွက်ကုန်တွေကို အားပေးကြပါလို့ ပြောချင်ပါတယ်။” ဟုပြောသည်။

တရုတ်နိုင်ငံဘက်မှ  ပြခန်းများတွင် လျှပ်စစ် ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ၊ ကြွေပြား၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အချိုရည်၊ ရိုးရာအရက်၊ LED  မီးသီးနှင့် မီးချောင်းများ၊  ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ၊ အင်ဘက်တာ၊  ဘက်ထရီ၊  EV-Charging နှင့် ဆက်စပ်ပစ္စည်းများကို ခင်းကျင်း ရောင်းချလျက်ရှိသည်။ 

ထို့ပြင် Henan Feibo Vehicle Industry Co.LTD က အရောင်းမိတ်ဆက်သည့် BOMA-X9  EV မော်တော်ကား  အကြမ်းဖျဉ်းဈေး သိန်း၁၂၀ ကျပ်၊ BOMA-X5  EVကား အကြမ်း ဖျဉ်းဈေး ၆၅ သိန်း ကျပ် ဖြင့် မကြာမီ ရောင်းချသွားမည်ဖြစ်ပြီး အရောင်ကာလ အမျိုးမျိုးရှိကြောင်း သိရသည်။ EVမော်တော်ကား  အပြင် လျှပ်စစ်ဆိုင်ကယ်နှင့်  ဆီသုံးဆိုင်ကယ်များကို အရောင်းပြခန်းတွင် ရောင်းချပေးလျက်ရှိပြီး မော်တော်ကား ကုမ္ပဏီများ၊ ဆိုင်ကယ် အရောင်းဆိုင်များနှင့်လည်း ချိတ်ဆက်ထားပြီဟု သိရသည်။ ယခုပြခန်းတွင်လည်း EVမော်တော်ကား၊ လျှပ်စစ်ဆိုင်ကယ်နှင့် ဆီသုံးဆိုင်ကယ်များကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ဝင်တစား လာရောက်မေးမြန်းစုံစမ်း ကြကြောင်းသိရသည်။

ထို့ကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ ကျင်းပသည့် စီးပွားရေး ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသော လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို မြန်မာ နိုင်ငံမှ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်ပြပွဲအား လာရောက်ကြည့်ရှု၍ သင့်တော်မည့်ကုမ္ပဏီများနှင့်  ကုန်ပစ္စည်းများရှိပါက လာရောက်ဆွေးနွေးနိုင်ကြောင်း နှင့် ညှိနှိုင်းတိုင်ပင်ကာ အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်း သိရသည်။

သတင်း-အေးအေးသန့်
ဓာတ်ပုံ-ကျော်ရဲဆွေ