မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းနှစ်သင်း ဖျက်သိမ်း

ရန်ကုန် ၁၁  ဇွန်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဇွဲကပင်အသင်းနှင့် ချင်းယူနိုက်တက် အသင်းတို့သည် အသင်းဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

 

ဇွန် ၁၀ ရက်က နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက် အသင်းသည် နုတ်ထွက်လိုကြောင်း တင်ပြခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်ကျင်းပပါက အသင်း ၁၀ သင်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး လက်ကျန်ပွဲများအတွက် ပွဲစဉ်များပြန်လည်ရေးဆွဲရမည်ဖြစ်ပြီး ယင်းနှစ်သင်း၏ ရလဒ်နှင့် တန်းဆင်းကိစ္စတို့ အတွက်ပါ မြန်မာနေရှင်နယ်လိဂ်ကော်မတီက အတည်ပြုထုတ်ပြန်ရမည်ဖြစ်သည်။

 

ဇွဲကပင်အသင်းသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လိဂ်ပြိုင်ပွဲတွင် အမြင့်ဆုံး တတိယနေရာအထိ ရယူနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဖျက်သိမ်းလိုကြောင်း တင်ပြကာ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ချင်းယူနိုက်တက် အသင်းမှာမူ ၂၀၁၇ ခုနှစ်က တစ်ကြိမ်ဖျက်သိမ်းဖူးပြီး ၂၀၁၉ ရာသီတွင် အသင်းပြန်လည်တည်ထောင်ကာ ယှဉ်ပြိုင် ခဲ့သော်လည်း နှစ်နှစ်အကြာတွင် ဒုတိယအကြိမ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းနှစ်သင်းမှ တာဝန်ရှိသူများသည် အသင်းဖျက်သိမ်းရသည့် အကြောင်းရင်းများကို လိဂ်ကော်မတီ အစည်းအဝေး တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်သည့် MNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် အသင်းရှစ်သင်းဖြင့် စတင်ကျင်းပ ခဲ့ပြီး နောက်ပိုင်းတွင် အသင်းအရေအတွက်တိုးမြင့်ကာ လက်ရှိရာသီတွင် အသင်း ၁၂ သင်းဖြင့် ကျင်းပလျက်ရှိသည်။

 

MNL သမိုင်းတွင် အသင်းအချို့ ဖျက်သိမ်းမှုများရှိခဲ့ပြီး ဘဏ္ဍာရေး အခက်အခဲအပါအဝင် အခြားအကြောင်းများ ကြောင့်လည်း ပါဝင်ကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်