မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး တက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ 

 

အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC)၏ (၁၉) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ Landmark Mekong Riverside Hotelကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။  

 

အစည်းအဝေးတွင် သဘာပတိအဖြစ် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH ကဆောင်ရွက်ပြီး ယခင်နှစ်က ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ယခင်နှစ်က အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စား မှုတိုက်ဖျက်ရေးအဖွဲ့မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများကို မြှင့်တင်ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍နိုင်ငံအလိုက် ရှင်းလင်း ဆွေးနွေးခြင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ဒေသဆိုင်ရာ ကိုယ်စားလှယ်မှ ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အများပြည်သူဆိုင်ရာ အသိပညာပေးမှုနှင့် အများပြည်သူမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အလေးထား ဆွေးနွေးခဲ့ပြီး အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေး အစီအစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ ဖြောင့်မတ် တည်ကြည်မှုလူငယ်စကားဝိုင်းများနှင့် Edutainment အစီအစဉ်များမှတစ်ဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်များပါဝင်လာရေး မြှင့်တင်ဆောင်ရွက်နေမှု၊ Edutainment အစီအစဉ်များတွင် ပါဝင်သည့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများထံမှ ကောင်းမွန်သည့်တုံ့ပြန်မှုများ ရရှိခဲ့မှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကိုလည်း ထုတ်ဝေဖြန့်ချိခြင်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့်ပူးပေါင်း၍  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme–PFP) များ ဆောင်ရွက်နေမှု၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ရယူနိုင်ရန် ဦးတည်၍ စုံစမ်းစစ်‌ဆေးမှုများ ဆောင်ရွက်နေမှု၊ သတင်းပေးသူအကာကွယ်ပေးရေး ဥပဒေမူကြမ်းရေးဆွဲ ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။     

 

ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့တို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ညနေပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (State Inspection Authority_SIA)ဥက္ကဋ္ဌ H.E. Mr.Khamphanh PHOMMATHATH ခေါင်းဆောင် သည့်ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ထိုင်းဘုရင့်နိုင်ငံ အမျိုးသားအဂတိလိုက်စားမှုဆန့်ကျင် ရေးကော်မရှင် (National Anti-Corruption Commission_NACC) မှ Deputy Secretary-General Mr.Prateep Juthasron ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ပါသည်။ ထို့နောက် လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ (State Inspection Authority _SIA) ဥက္ကဋ္ဌမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 

 

အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၃၀ ရက်တွင် ASEAN-PAC E-Booklet မူကြမ်းနှင့် လွှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ်တွင် ASEAN-PAC အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ပြုလုပ်မည့် အဆိုပြုခေါင်းစဉ်အပေါ် ဆွေးနွေးခြင်း၊ ၂၀၂၄ ခုနှစ် အဖွဲ့ဝင်အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံ KPK မှ အစည်းအဝေး လက်ခံကျင်းပရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ ASEAN- PAC ၏ ဆက်သွယ်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များစာရင်းအား အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားသို့ လာအိုနိုင်ငံအစိုးရစုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (State Inspection Authority _SIA) ဥက္ကဋ္ဌ H.E. Mr. Khamphanh PHOMMATHATH က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)