မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ပုသိမ်အကျဉ်းထောင် ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဒီဇင်ဘာ   ၁၇

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ပါဝင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပုသိမ်အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လာရောက်ပို့ဆောင်ပေးသော ထောင်ဝင်စာ ပစ္စည်းများ  စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများ အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသည့် အကျဉ်းသား  အကျဉ်းသူ၊ အချုပ်သား အချုပ်သူများနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့သည်။

 

ပုသိမ်အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်အကျဉ်းသား အကျဉ်းသူ၊ အချုပ် သား အချုပ်သူများ၏ အိပ်ဆောင်များ သန့်ရှင်းမှု၊  အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့်တိုက် တို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှုနှင့် Quarantine ထားရှိသည့် အဆောင် အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ အကျဉ်းထောင် စာကြည့်တိုက်တွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ ၂၀၀ နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စု စာအုပ် ၃၀၀ တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံက လက်ခံရယူသည်။

 

ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ပုသိမ်အကျဉ်းထောင်ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်