မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရှမ်းပြည်နယ် ကျိုင်းတုံအကျဉ်း‌ထောင်၊ တာချီလိတ်အချုပ်ထောင်၊ မိုင်းဆတ်အကျဉ်းထောင်၊ ကျိုင်းတုံဘိုးဘွားရိပ်သာ၊ တာချီလိတ်ဘိုးဘွားရိပ်သာနှင့် ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို  ကြ

နေပြည်တော်  မေ ၁၈

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွား ရိပ်သာကို မေ ၁၄ ရက်တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံ အကျဉ်းထောင်ကို မေ ၁၅ ရက်တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ် အချုပ်ထောင် ကို မေ ၁၆ ရက်တွင်လည်းကောင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်း ထောင်ကိုမေ၁၇ ရက် တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာ ကိုမေ ၁၈ ရက်တွင် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယင်းအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ် အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ များကို အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့် ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင် ကြားပေးမှု၊ စာရိတ္တပြုပြင်ပြောင်းလဲပေးမှု၊ စာကြည့်တိုက်သုံးစွဲမှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်း များစုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သောအသုံးအဆောင် ပစ္စည်းများရရှိမှု၊ ညှဉ်းပန်း နှိပ်စက်ခံရမှု ရှိ မရှိ အခြေအနေနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ မရှိ အခြေအနေ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်နှင့် မိုင်းဆတ်အကျဉ်း ထောင်တို့၌ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်များကို ကော်မရှင်မှလှူဒါန်းခဲ့သည်။

ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာနှင့် တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာများတွင် လက်ခံစောင့်ရှောက်ပေးလျက်ရှိသော အဘိုး၊ အဘွားများအား အိပ်ဆောင်များတွင် သွားရောက် တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့်အာဟာရ ဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုနှင့် ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျိုင်းတုံမြို့ရှိ ရဲစခန်းအချုပ်ခန်းကိုဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်ခံရမှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော် သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်