မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၀

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ မေ ၈ ရက် တွင် ဘူးသီးတောင်အကျဉ်းထောင်ကို လည်းကောင်း၊ မေ ၉ ရက်နှင့် ယနေ့တွင် စစ်တွေအကျဉ်းထောင်ကို လည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းပေးပို့မှု စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။

 

အကျဉ်းထောင်များကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် အကျဉ်းသား/ အချုပ်သားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ကော်မရှင်မှ ဘူးသီးတောင် အကျဉ်းထောင်နှင့် စစ်တွေအကျဉ်းထောင်တို့ကို ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ စီ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိများမှ လက်ခံရယူသည်။

 

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်