မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းနှင့် သန်လျင်လူငယ်သင်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမြင့်သူမြိုင်နှင့် ဦးတင်အောင်တို့အဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း တို့ကိုလည်းကောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်း ကျောင်းကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါအဖွဲ့သည် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ရှေးဦးအရွယ် ကလေးသူငယ် များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရကျွေးမွေးမှု၊ အခြေခံပညာနှင့် မူကြိုပညာရေးအတွက် ဆောင်ရွက်ပေးနေမှုကဲ့သို့သော ပြုစုစောင့်ရှောက်ပျိုးထောင်ပေးနေမှု၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ကျောင်းသား ကျောင်းသူများကို စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးနေမှု၊ သန်လျင် လူငယ်သင်တန်းကျောင်းတွင် စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အိပ်ဆောင်များ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်သုံး ရေရရှိခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့် အရေးများရရှိခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကလေးသူငယ်များ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ စာကြည့် တိုက်များနှင့် စာဖတ်ခန်းများတွင်ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၁၀၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် (၄၀၀) တို့ကို ကော်မရှင်က လှူဒါန်းခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ်များက လက်ခံရယူခဲ့သည်။

 

ယင်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေး အတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)