မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သန်လျင်မြို့ရှိ လုမ္ဗိနီဘိုးဘွားရိပ်သာ၊  ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများ  ကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ  ၂၁

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ရှိ လုမ္ဗိနီဘိုးဘွားရိပ်သာ၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ကော်မရှင်အဖွဲ့သည် ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့၌ ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်အချိန်အတွင်း စားသောက်ရမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်း များအတွင်း သန့်ရှင်းမှု ရှိ မရှိ၊ အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ကော်မရှင်အဖွဲ့သည် လုမ္ဗိနီဘိုးဘွားရိပ်သာ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွား များကို အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံ၍ ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူ အပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက် ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)