မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့ နှစ်နိုင်ငံဘောလုံးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Tashima Kohzo သည် ဒီဇင်ဘာ ၂၁ ရက်က Novotel Yangon Max ဟိုတယ်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ ဘောလုံးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲများ ကျင်းပရာတွင် မြို့နယ်အသီးသီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်  ဘောလုံးကွင်း (Football Infrastructure) များ ယခုထက် ပိုမိုကောင်းမွန်ရန် လိုအပ်နေပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ဘောလုံးကွင်းများတွင် ကျောင်းသား လူငယ်လူရွယ်များ ယခုထက်ပိုမို စိတ်ပါဝင်စား ကစားလာနိုင်ရေးမှာလည်း အရေးကြီးပါကြောင်း၊ အောက်ခြေအဆင့် (Grassroots Level) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ရေး၊ အရည်အချင်းရှိ ပြည်တွင်းနည်းပြဆရာများ ပိုမိုထွက်ပေါ်လာစေရေး၊ သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲများတွင် စနစ်တကျ ပိုမိုရှိစေရေးအတွက် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရန် လိုအပ်ချက်များ ရှိနေသော်လည်း တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေရကြောင်း ပြောကြားခဲ့ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Tashima Kohzo ကလည်း ဂျပန်ဘောလုံး အဖွဲ့ချုပ်ဘက်မှ အကူအညီများ ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အထက်တန်းကျောင်းအဆင့် ပြိုင်ပွဲများကို အားကောင်းစွာ ကျင်းပနေပြီး ယခုနှစ်ကုန် ကျင်းပမည့် အထက်တန်း ကျောင်းပေါင်းစုံပြိုင်ပွဲ ဗိုလ်လုပွဲကို ပရိသတ် ၅၀ဝ၀ဝ ကျော်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ကျောင်းအဆင့် ပြိုင်ပွဲများကို စနစ်တကျ ကျင်းပသင့်ကြောင်း Mr. Tashima Kohzo က အကြံပြု ပြောကြားခဲ့သည်။ ထို့ပြင် နည်းစနစ်ပိုင်းဆိုင်ရာများနှင့် သက်တမ်းအလိုက် ပြိုင်ပွဲကိစ္စရပ်များ၊ လူငယ်ဘောလုံးပြိုင်ပွဲများကို အခြေခံပညာ ကျောင်းများတွင် ကျင်းပနေရာ၌ နိုင်ငံတော်၏ ပံ့ပိုးမှုဆိုင်ရာ အခန်းကဏ္ဍများကို ဆွေးနွေးသည်။

မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲဝင်အသင်းများ ဂျပန်နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်နိုင်ရေးအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်အား ထည့်သွင်းဆွေးနွေးပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပမည့် Japan-Asean Youth Exchange Sport (Women Football)  ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ပေးရန် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းကို ဖိတ်ကြားထားသည်။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားပြီး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းလည်း ဖြစ်သည်။

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-MFF