မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအလုပ်အမှုဆောင်များနှင့်တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် 

နေပြည်တော် မတ် ၁၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ် ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း  သီးနှံများအရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်း  လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပိုမို အရည်အ‌ သွေးမြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် ကောက်ပဲသီးနှံ ပြည်ပပို့ကုန် မြှင့်တင်‌ရေးအတွက် အရေးပါသည့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများ ပိုမိုအဆင့်မြှင့် ဆောင်ရွက်နိုင်‌ရေးဆိုင်ရာကိစ္စများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ညီ‌နောင်အသင်းဖြစ်သော မြန်မာနိုင်ငံ ထောပတ် သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး  ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့် တင်ပို့နိုင်‌‌ရေးနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို  ဆွေးနွေးညှိနှိုင်းသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနစုဝင်းအတွင်း   ဆန်ကြိတ်ခွဲမှုသင်တန်း ဖွင့်လှစ်ရန်အတွက် သင်တန်းသား သင်တန်းခန်းမနှင့် အိပ်ဆောင်များကို ကြိုတင်ပြင်ဆင်‌ရေးအတွက်  လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်