မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မြို့ပြဘေးအန္တရာယ်လျော့ပါးရေး စီမံချက်လုပ်ငန်းပြီးစီးမှု အစီရင်ခံခြင်းနှင့် လုပ်ငန်းလွှဲပြောင်း ပေးအပ် 

ရန်ကုန် ၁၈ ဇွန်


မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ကြီးမှူးကျင်းပသည့် မြို့ပြဘေးအန္တရာယ် လျော့ပါးရေး စီမံချက်လုပ်ငန်းပြီးစီးမှု အစီရင်ခံခြင်းနှင့် လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ ဒေါ်မြသူက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက မြို့ပြဘေးအန္တရာယ် ထိခိုက်နိုင်ချေလျှော့ချရေး စီမံချက်၏လုပ်ငန်း လုပ်ဆောင်မှု ပုံစံအား ရှင်းလင်းတင်ပြကာ အသင်းဥက္ကဋ္ဌက လှိုင်သာယာမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဖိုင်များအား ပေးအပ်ခဲ့သည်။


ယခုမြို့ပြဘေးအန္တရာယ် ထိခိုက်နိုင်ချေ လျော့ပါးရေးစီမံချက်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ဥရောပသမဂ္ဂ၏ ရန်ပုံငွေကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 


ပိုမိုကျန်းမာလုံခြုံစေသည့် ဘေးအန္တရာယ် ကျရောက်လွယ်မှု လျော့ပါးစေခြင်းဖြင့် ရပ်ရွာလူထု၏ ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်းကို မြှင့်တင်ပေးရန်ဟူသည့် ရည်မှန်းချက်ဖြင့် ၂၀၁၈ -၂၀၁၉ ခုနှစ်အတွင်း လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ ၄ ခု၊ စာသင်ကျောင်း ၂၁ ကျောင်း၊ ကျန်းမာရေးဌာန ၄ ခုတို့ကို ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အထောက်အကူ ပစ္စည်းများ၊ အမှိုက်ကန်များ၊ လမ်းထပ်ပိုးလွှာပြင်ဆင်ခြင်း လုပ်ငန်းများ စသည့် လိုအပ်သောပံ့ပိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။


(သတင်းစဉ်)