မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ်  ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၁
    
မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏   စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ဝင်များမှ ဗွီဒီယိုကွန့်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက် ရေးနှင့်ပတ်သက်၍ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ထိရောက်စွာ အကာအကွယ် ပေးရန်၊ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမား များ ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ တက်ရောက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရန် ရည်မှန်းချက်များ ချမှတ်ထားကြောင်း၊
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် ၂၀၁၉ - ၂၀၂၃ ခုနှစ်၊ ပထမ ၅ နှစ်စီမံချက်ပါ ရည်မှန်းချက် ၆ ရပ်ကို စက်မှု ကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ၌ စီမံချက် ဦးစားပေး တိုင်းဒေသကြီး/ပြည်နယ်များတွင် အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားများနှင့် အသက် ၁၄ နှစ်မှ ၁၈ နှစ်အကြား ကလေးအလုပ်သမားများကို အုပ်စု ၂ ခုခွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ပထမ ၅ နှစ် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးစီမံချက် တစ်ခုလုံးအောင်မြင်စေရေး အလွန်အရေးပါသည့် အစိတ်အပိုင်း ဖြစ်၍ ရလဒ်ကောင်းများရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အမျိုးသားရေးတာဝန်ကို ထမ်းရွက်နေခြင်းဟု ခံယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ INGO၊ NGOs များက စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များနှင့်     တက်ရောက်လာသူများက လုပ်ငန်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ဆုံးဖြတ်ရမည့်အချက်များကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ရှေ့လုပ်ငန်းစဉ်များအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)