မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး ရွှေသံလွင်မီဒီယာကစီစဉ်သည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီး သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ၄ ရက်တိုင်ကျင်းပမည်

ရန်ကုန် မေ ၂၇
 
မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ရွှေသံလွင်မီဒီယာက စီစဉ်သည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၃ ရက်၊ ၄ ရက်၊  ၁၁ ရက်နှင့် ၁၈ ရက်တွင် ၄ ရက်တိုင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစား ရုံတွင်  ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်း၌ ပြုလုပ်သည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးတွင် ၆၀ ကီလိုတန်းမှ လက်ဝှေ့အားကစားသမားများဖြစ်ကြသည့် စောနိုင်လင်း၊ စောမူထော်ဂေး၊ အောင်ကျော်ကျော်၊ ကျောက်ခဲ၊ သန့်ဇင်၊ ဒိုးလေး၊ ကျော်ရဲမင်း၊ ဟိန်းထွန်းအောင်၊ ၆၃ ဒသမ ၅ကီလိုတန်းတွင် ရန်တိုင်းကျော်၊ ဗျဂ္ဃ၊ မိုက်မိုက်၊ ကရင်လေး၊ ထွန်းဝင်းအောင်၊ ဝီလျံ၊ စိန်လုံးချော၊ အောင်ဇော်ဟိန်း၊ ၆၇ကီလိုတန်းတွင် ကညောခွား၊ အောင်ဟိန်း၊ အဖိုးသွေး၊ ထက်နိုင်အောင်၊ သက်ဝင်းအောင်၊ စောမြလင်း၊ စောသာဂိ၊ လမ်းမယူ၊ ၅၇ကီလိုတန်းတွင် လှိုင်းထက်အောင်၊ စစ်သွေး၊ အောင်ထက်ဟိန်း၊ သွေးလင်းထက်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယှဉ်ပြိုင်ကစားမည့်နေ့တွင် ၃ မိနစ် (၅)ချီ ပြိုင်ပွဲပုံစံမှာ ရွှေအောင်လံပွဲစဉ်ဖြစ်သည့် အလျှောက် အလဲထိုးနှင့် အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး အမှတ်ပေးမှုမှာ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်မှ တာဝန်ရှိ ဒိုင်လူကြီးများမှ ဆုံးဖြတ်အမှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝိတ်တန်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားသမားများမှာလည်း မြန်မာပြည်အနှံ့မှ ရိုးရားလက်ဝှေ့ ကစားသမားများဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက် အောင်မြင်မှုများ ရရှိထားသည့် မျိုးဆက်သစ် ရွှေအောင်လံဆုရှင်များ၊ ပြည်နယ်၊ တိုင်းဒေ သကြီးကိုယ်စားပြု ချန်ပီယံဆုရှင်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ယှဉ်ပြိုင်မည့် ဝိတ်တန်းများကို ကွာတားဖိုင် နယ်မှစတင်ကာ နိုင်တက်၊ ရှုံးထွက်စနစ်ကို ကျင့်သုံးပြီး အလဲထိုးဖြင့် ပွဲစဉ်မပြတ်ပါက အမှတ်ပေးစနစ်ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး၏ ပွဲစဉ်အားလုံးကို "SKYNET SPORTS-4", "SKYNET SPORTS-HD", "Channel-9 HD"ရုပ်သံလိုင်းတို့တွင် တိုက်ရိုက် (LIVE) ထုတ် လွှင့်ပြသသွားမည် ဖြစ်သည့်အပြင် သိမ်ဖြူလက်ဝှေ့အားကစားရုံသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် ရုံဝင်ကြေးလက်မှတ်ခ ငွေကျပ် ၅၀၀၀ ၊ ငွေကျပ် ၁၀၀၀၀ နှင့် ငွေကျပ် ၁၅၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

သတင်းစဉ်