မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၁၉ ဇွန် 

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (၂)ရပ် အစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြ၍ သုံးသပ်မှုခံယူရန် နိုင်ငံအချင်းချင်း အကြံပြုကြခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ နှစ်တစ်ကြိမ် တင်သွင်းရာတွင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပထမအကြိမ်၊ ဒုတိယအကြိမ် အစီရင်ခံစာတို့ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ရာ ယခုတတိယအကြိမ် အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခဲ့စဉ် အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃)နိုင်ငံမှ အကြံပြုတိုက်တွန်းချက် (၂၈၁)ချက်အနက် မိမိတို့နိုင်ငံအနေဖြင့် အကြံပြုချက် (၁၆၆)ချက် လက်ခံခဲ့ပါကြောင်း၊ ထိုအကြံပြုချက် (၁၆၆) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကဏ္ဍ(၁၂)ရပ် ခွဲဝေထားရှိပြီး ကဏ္ဍ(၁၂)ရပ်အပေါ် ဆောင်ရွက်မည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို သတ်မှတ်ခဲ့ရာမှာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကဏ္ဍ(၂)ခုကို တာဝန်ယူထားရပါကြောင်း၊ အဆိုပါကဏ္ဍ (၂) ခုမှ ကျား/မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များနှင့် ခွဲခြားမှုမပြုရေး ကိစ္စဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းကော်မတီ (၂)ရပ်ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီများက ကဏ္ဍအသီးသီးဆိုင်ရာ ဖော်ဆောင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ဆက်လက်ဆောင်ရွက်ရန် အချက်များကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းပြီး အလေးထား ဆောင်ရွက်သွားရန်နှင့် ဩဂုတ်လတွင် အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ ပေးပို့သွားရန် ညွှန်ကြားမှုရရှိပြီးဖြစ်ပါကြောင်း၊ အစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီက ပေးပို့သည့် ပုံစံများနှင့်အညီ မိမိတို့လုပ်ငန်းကော်မတီများအနေဖြင့် အစီရင်ခံစာမူကြမ်းကို ပြုစုရမည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များ၏ ဆောင်ရွက်ထားရှိမှု ရလာဒ်များကို ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် ရေးသားပြုစုပြီးကောင်းမွန်သည့် အစီရင်ခံစာတစ်ခု ဖြစ်မြောက်လာရန် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုပါကြောင်း ညှိနှိုင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က လုပ်ငန်းကော်မတီ (၂)ရပ်၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အကြံပြုချက် အချက်(၃၀)အပေါ် ကဏ္ဍ (၄) ခုခွဲ၍ ဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက်အကျုံးဝင်သည့် အကြံပြုချက်များ၊ အစီရင်ခံစာရေးသားရမည့် သတ်မှတ်ပုံစံများ၊ အစီရင်ခံစာရေးသားရာတွင် ထည့်သွင်းရေးဆွဲသင့်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၂)ရပ်၏ အဖွဲ့ဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းကဏ္ဍအလိုက် ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။ 

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံက ဖော်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်၊ ပြည်တွင်းဥပဒေမူဘောင်၊ သက်ဆိုင်ရာဌာနများ၏ မဟာဗျူဟာစီမံချက်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက လက်မှတ်ရေးထိုးထားသည့် Country Program ၊ MoU ၊ MoA များ၊ အကြံပြုချက်များနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိသည့် ဆောင်ရွက်ချက်များကို စနစ်တကျစုစည်းရေးသားရန်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို ကမ္ဘာကသိစေရန် ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်