မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဇူလိုင် ၅

 

မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယို ကွန်းဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက လူငယ်များကို နည်းမှန်လမ်းမှန်နှင့် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း။

 

နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့ အခမ်းအနားနှင့် လူငယ်စုံညီပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားကြစေလိုကြောင်း၊ လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ် ပြည်ချစ် စိတ်များရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူငယ်ဖိုရမ် (Youth Forum)၊ လူငယ် လေ့လာရေး ခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များကိုလည်း ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ရပ်ဖြစ်သည့်  လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်   အားလုံး ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း  ပြောကြားသည်။  

 

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄) ဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား၊ ဆက်စပ်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသူများက လူငယ်ရေးရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး အတည်ပြု ဆုံးဖြတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)