မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၉၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂   သြဂုတ် 


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၉၆) ရဲဗလတပ်ခွဲ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။    


ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုသည်။ 


ယင်းနောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ထက်လင်းအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း အောင်မြတ်သူ၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးအိစံ၊ ကွန်ပျူတာဘာသာရပ်ထူ းချွန်ဆုရ ဒုတိယရဲအုပ်လောင်း မီမီကျော်၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန် ဆုရ ဒုတိယရဲအုပ်လောင်း နော်ကြည်စမ်းအေးတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ရဲချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ခေါင်းဆောင်ငယ်များ ဖြစ်သည်နှင့်အညီ ပေးအပ်သော လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လက်အောက်ငယ်သားများအပေါ် မှန်ကန်သည့် ဦးဆောင်မှုများပေးကာ တပ်ဖွဲ့နှင့်ဌာနအတွက် ယုံကြည်အားကိုးရသော အရာရှိကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်လုပ်ကိုင် သွားရန်လိုကြောင်း၊ ဒီမိုကရေစီစနစ် ရဲလုပ်ငန်းစဉ်များတွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များသည်လည်း အရေးပါသော အင်အားတစ်ရပ်ဖြစ်ပြီးအသိပညာ၊ အတတ်ပညာဆိုင်ရာ ထူးချွန်သူ များဖြစ်အောင် ကြိုးပမ်းကြရမည့်အပြင် မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းဖော်ထုတ် တိုက်ဖျက်ရေးနှင့် အရေးကြီးပုဂ္ဂိုလ်လုံခြုံရေးတာဝန်များကို အမျိုးသားတပ်ဖွဲ့ဝင်များနှင့်အတူ စွမ်းစွမ်းတမံ ပါဝင်ဆောင် ရွက်နိုင်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးပမ်းသွားရန်လိုကြောင်း၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး လုံခြုံစိတ်ချစွာနေထိုင် သွားလာလုပ်ကိုင်နိုင်ရေးအတွက် ရပ်ရွာအေး ချမ်းသာယာ ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် ပြစ်မှုတိုက်ဖျက် ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ဘက်ပေါင်းစုံမှဆောင်ရွက်ခြင်း၊ ဒုစရိုက်မှုများကို ထိရောက်စွာ နှိမ်နင်းခြင်းတို့ကို မိမိတာဝန်ယူရသည့် နယ်မြေဒေသနှင့် ကိုက်ညီသည့် နည်းလမ်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ပြဿနာသည် နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းနေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး ကျန်းမာရေးနှင့် လူမှုဘဝလုံခြုံရေး ကိုထိခိုက်စေသည့်အပြင် ကိုယ်ကျင့်တရားပျက်ပြားကာ ဥပဒေကို မလေးမစားပြုလာခြင်းတို့ကြောင့် ကြီးမားသည့် မှုခင်းများ၊ ဒုစရိုက်မှုများကျူးလွန်၍ ရပ်ရွာအေး ချမ်းသာယာရေးကို ထိခိုက် ပျက်ပြားစေနိုင်သည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးနှိမ်နင်းရေးကို အစွမ်းကုန် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဖြစ်ပေါ်လာသည့် မှုခင်းပုံစံအသစ်များ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုနှင့် မတည်ငြိမ် မှုများကို စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ရဲလုပ်ငန်းများကို ကျွမ်းကျင်ရ မည့်အပြင် နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်းသိရှိမှု၊ ပိုမိုတိုးတက်ကျွမ်းကျင်အောင် ဆောင်ရွက်မှုများဖြင့် အရည်အသွေးပြည့်ဝနေအောင် စဉ်ဆက်မပြတ် ဆက်လက်ဆည်းပူး လေ့ကျင့်ရန်လိုကြောင်း၊ ဘဝအတွက် အထောက်အကူပြုပြီး အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားနိုင်မည့် သုတ၊ ရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ကောင်းမွန်သည့် အသိ အမြင်၊ အတွေး အခေါ်၊ စိတ်ဓာတ်၊ ခံယူချက်များ မြင့်တက်လာကာ ခေတ်ကာလနှင့် လျော်ညီသည့် အမြင်များ ရရှိအောင်ဆောင်ရွက်ရန်၊ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားကို ကောင်းမွန်အောင် ထိန်းသိမ်းပြီး မိမိတို့ဦးထိပ်ပန်ဆင်ထားသော သစ္စာ၊ သမာဓိ၊ သတ္တိဆောင်ပုဒ်နှင့်အညီ ပေးအပ်ထားသည့် တာဝန်များကို ကျေပွန် အောင်ထမ်း ဆောင်ရင်းမဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် ပြည်သူ့ အကျိုးကိုရဲရင့်တည်ကြည် ဖြောင့်မတ်မှန်ကန်စွာ ကာကွယ်စောင့်ရှောက်ကာ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးပမ်းနေထိုင် သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယရဲချုပ်၊ ဒုတိယပါမောက္ခချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းဆင်း အရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းအရာရှိ အမျိုးသား (၁၇၂)ဦး၊ အမျိုးသမီး(၁၀၇)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယစုံစမ်းရေးမှူး (၁)ဦး၊ အကျဉ်းဦးစီးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူးအဆင့်(၁) (၁၀)ဦး၊ စုစုပေါင်း(၂၉၀)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)