မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဘော်ဒါဖလား  မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲကျင်းပ

နေပြည်တော် ၂၉ အောက်တိုဘာ

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ဘော်ဒါ ဖလားမြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့် အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင် မြင့်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ ဦးလှဌေး က “ဒီပြိုင်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအလိုက် လာရောက်ယှဉ်ပြိုင်ကြတဲ့အပြင် အသင်း အလိုက် လာရောက် ယှဉ်ပြိုင်ကြတာတွေလည်းရှိပါတယ်။ ပြိုင်ပွဲအမျိုးအစား ၄ မျိုးနဲ့ ကျင်းပဖြစ်ပါတယ်” ဟုပြောသည်။

ပြိုင်ပွဲတွင် တံခွန်စိုက် ဆယ်ပေါက်တန်း ပြိုင်ပွဲ၊ ခြောက်ပေါက်တန်း အမျိုးသား ပြိုင်ပွဲ၊ လေးပေါက်တန်း အမျိုးသားပြိုင်ပွဲ၊ လေးပေါက်တန်း အမျိုးသမီးပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲ အမျိုးအစား ၄ မျိုးကို ပြိုင်ပွဲဝင်အသင်း ၂၁ သင်းက နိုဝင်ဘာ ၂ ရက်အထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

မြင်းခြံမြို့နယ် ဌေးရတနာ ရိုးရာခြင်းလုံးအသင်းမှ ကိုခိုင်ဇော်မင်းက “ရိုးရာခြင်းနဲ့ ဆုတွေရရှိခဲ့ဖူးပါတယ်။ အခုလို ပြိုင်ပွဲတွေများများ ကျင်းပပေးရင် ကစားသမားတွေ အတွက် အရည်အချင်းပိုင်းနဲ့ ပိုင်နိုင်မှုစွမ်းရည်တွေ မြင့်လာစေမှာဖြစ်တဲ့အပြင် လူငယ်မျိုးဆက်သစ် ကစားသမားတွေလဲ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။ 

ပညာရေးကဏ္ဍတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားပြန့်ပွားလာစေရန်အတွက် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲများကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်နှင့် ကရင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတို့၌ ရှေ့ပြေးစီမံကိန်း အဖြစ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို ကျယ်ကျယ် ပြန့်ပြန့် ကျင်းပသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဒုတိယဥက္ကဋ္ဌ ဦးလှဌေး ထံမှသိရသည်။

မြန်မာ့ရိုးရာ ခြင်းလုံး အဆင့်အတန်းမြင့်မားလာစေရန်နှင့် ခြင်းလုံး အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပခြင်းဖြစ် ကြောင်းသိရသည်။

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

DSC_0696