မြန်မာနိုင်ငံ တောင်ဘက်စွန်းသို့

၂၈  ဧပြီ

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်သည် တစ်ဆက်တည်း တည်ရှိနေကာ ယခင်က ထားဝယ်မြို့မှ မြိတ်မြို့သို့ ပင်လယ်ပြင်ကို ဖြတ်သန်းမောင်းနှင်သည့် ရှပ်ပြေးရေယာဉ်ဖြင့် သွားနိုင်ခဲ့ကြသည်။ ယခုအခါ ကားလမ်းများ အထူးကောင်းမွန်နေပြီဖြစ်သဖြင့် ခရီးသည်အများစုသည် ကားဖြင့်သာ သွားလာကြပြီး လေကြောင်းခရီးဖြင့်လည်း သွားနိုင်သည်။

မြိတ်ခရိုင် ပုလောမြို့နယ်

မြိတ်ခရိုင်ကို မြိတ်၊ ကျွန်းစု၊ တနင်္သာရီနှင့် ပုလော မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ထားဝယ်မြို့မှ မြိတ် ခရိုင်သို့ မော်တော်ယာဉ်ဖြင့် သွားခဲ့ရာတွင် ပထမဆုံး ရောက်ရှိသောမြို့မှာ ထားဝယ်မြို့၏ အရှေ့တောင်ဘက် ယွန်းယွန်းသို့ ၁၅၈ ကီလိုမီတာ ကွာဝေးသည့် ပုလော မြို့ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းတွင် ပုလောမြို့ နယ်နှင့် မော်သာယာ တောင်တန်းနေရာသည် ရှေးအခါက ကျွန်းတစ်ကျွန်း ဖြစ်ခဲ့ဟန်ရှိကာ ပသျှူးဘာသာဖြင့် ပုလို(ကျွန်း)ဟုခေါ်ဆိုရာမှ ပုလောဟု အမည်တွင်ခဲ့ ကြောင်း ဖော်ပြထားသည်။ ၁၆ ရာစုနှင့် ၁၇ ရာစုတွင် ပုလောမြို့နယ် နေရာ၌ ဗမာ၊ကရင်နှင့် ထိုင်းများနေခဲ့ ဟန်ရှိကာ ၁၈၀၈ ခုနှစ်မှ ၁၈၂၄ ခုနှစ်အတွင်း ထားဝယ်၌ ပုန်ကန်မှုများဖြစ်ခဲ့သဖြင့် ထားဝယ်ဒေသမှ လူများသည် ပုလောသို့ ရွှေ့ပြောင်းခဲ့ကြောင်း ရေးသားထားသည်။ ပုလောကို ၁၉၇၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မြို့အဖြစ် သတ်မှတ်ခဲ့၍ ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပလမြို့ကို ၂၀၁၆ ခုနှစ် တွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်။

ပုလောမြို့နယ်၏တည်နေရာသည် မြောက်လတ္တီ တွဒ် ၁၂ ဒီဂရီ ၂၀ မိနစ်နှင့် ၁၃ ဒီဂရီ ၂၈ မိနစ် အကြား၊ အရှေ့လောင်ဂျီ တွဒ် ၉၈ ဒီဂရီ ၃၃ မိနစ်နှင့် ၉၈ ဒီဂရီ ၅၂ မိနစ် အကြားဖြစ်ကာ အရှေ့အနောက် ၆၅မိုင် နှင့် တောင်မြောက် ၅၄ မိုင်ရှည်လျားပြီး ၁၀၁၆ ဒသမ ၉၂ စတုရန်းမိုင်ကျယ်ဝန်းကာ မြို့နယ်ဧရိယာ ၂၀ ဒသမ ၆၁ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းထားသည်။

ပုလောမြို့နယ်ကို မြို့သုံးမြို့(ပုလော၊ ပလောက် နှင့် ပလ)၊ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၂၇ အုပ်စုနှင့် ကျေးရွာ ၁၆၃ ရွာဖြင့်ဖွဲ့စည်းထားကာ အရှေ့ဘက်တွင် တနင်္သာရီမြို့နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် မြိတ်မြို့နယ်၊ မြောက်ဘက်တွင် သရက် ချောင်းမြို့နယ်တို့နှင့် ထိစပ်နေသည်။ ပုလောမြို့နယ် သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၂ ပေ သာမြင့်၍ မြစ်ချောင်းများပေါများကာ ယင်းတို့သည် ကပ္ပလီ ပင်လယ်အတွင်းသို့ စီးဝင်ကြသည်။

အပူအအေးမျှတသော ရာသီဥတုရှိသည့် ပုလောမြို့ နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံး အပူ ချိန်သည် ၂၁ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံးအပူချိန်သည် ၃၅ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှမိုးရေချိန်သည် ၁၉၆ ဒသမ ၄၄ လက်မဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ပုလောမြို့နယ် လူဦးရေသည် ၁၃၅၅၁၀ ဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၇၈ ဒသမ ၆၆ ရာခိုင်နှုန်းသည် ဗမာလူမျိုးများဖြစ်၍ မွန်နှင့် ကရင်လူမျိုးများလည်း နေထိုင်လျက်ရှိသည်။ မြို့နယ် လူဦးရေ၏ ၈၄ ရာခိုင်နှုန်း သည် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ကြ၍ ၁၅ ဒသမ ၄၄ ရာခိုင် နှုန်း (၂၀၉၂၄ ဦး)သည် ခရစ်ယာန်ဘာသာကို ကိုးကွယ် သည်။ ဟိန္ဒူနှင့်အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း အနည်းငယ်ရှိသည်။

ဒေသနေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန်သည် ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ် သရက်ဖြစ်သည်။ အသားတင်စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၁၂၁၃၇၂ ဧကတွင် စပါး၊ ကွမ်းပင်နှင့် ရော်ဘာကို အများ ဆုံး စိုက်ပျိုးကာ မြို့နယ်၏ ဆန်ဖူလုံမှု သည် ၁၃၆ ဒသမ ၄၆ ရာ ခိုင်နှုန်းဖြစ်သည်။ ရေချို ရေငန် ငါးဖမ်းလုပ်ငန်းအပြင် နွား၊ဝက်၊ ဆိတ်၊ ကြက်နှင့် ဘဲ တို့ကိုလည်း မွေးမြူသည်။

ပုလောမြို့နယ်တွင် အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၃ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၈၅ ကျောင်းဖွင့်လှစ်ထားသည်။ ထို့အတူ ခုတင် ၅၀ ဆံ့ ပုလောမြို့နယ်ဆေးရုံ၊ ၂၅ ခုတင်ဆံ့ ပလောက်တိုက်နယ် ဆေးရုံ ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံလေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၂၅ ခု ဖွင့်လှစ်ထားသည်။ ပုလောမြို့ နယ်၌ စေတီပုထိုး ၁၅၇ ဆူနှင့် ဘုန်းကြီးကျောင်း ၁၁၉ ကျောင်းရှိသည်။

မြိတ်မြို့နယ်သို့

မြိတ်မြို့သည် ပုလောမြို့မှ တောင်ဘက်သို့ ၁၀၁ ကီလိုမီတာကွာဝေးကာ များစွာသော လှပသည့် ကျွန်းစုများ ကြောင့် ထင်ရှားသည့် ဒေသဖြစ်သည်။ မြိတ်မြို့သို့ ရန်ကုန် မှ ကား ၊ လေယာဉ်တို့ဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။

ရာဇဝင်များအရ မြိတ်မြို့ကို ကောဇာသက္ကရာဇ် ၉၃၆ ခုနှစ်တွင် ထူထောင်၍ မင်းဆက် ၅၃ ဆက်၊၂၅၄ နှစ် အုပ်စိုးခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် မြိတ်ကို ခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေး မရရှိမီအချိန်အထိ ခရိုင်ဝန် ၂၂ ဦး အုပ်ချုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် မြိတ်မြို့ကို မြိတ် အရှေ့မြို့နယ်နှင့် မြိတ်အနောက်မြို့နယ်ဟု ခွဲခြားခဲ့ပြီး ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် မြိတ်အရှေ့မြို့နယ်ကို မြိတ်မြို့နယ်ဟု လည်းကောင်း၊မြိတ်အနောက်မြို့နယ်ကို ကျွန်းစုမြို့နယ်ဟု လည်းကောင်း သတ်မှတ်ခဲ့သည်။

မြိတ်မြို့နယ်၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၂၀ မိနစ်နှင့် ၁၂ ဒီဂရီ ၄၈ မိနစ်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၆ မိနစ်နှင့် ၉၈ ဒီဂရီ ၅၈ မိနစ် အကြားဖြစ်ကာ ၅၄၇ ဒသမ ၄၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြိတ်မြို့နယ်ကို ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၂၂ အုပ်စုနှင့် ကျေးရွာ ၁၄၃ ရွာဖြင့် ဖွဲ့စည်းထားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၈၄ ပေမြင့်သည့် မြိတ်မြို့နယ်သည် အရှေ့ဘက်တွင် တနင်္သာရီရိုးမ၊ အနောက်ဘက်တွင် ကျွန်းစုမြို့နယ်၊ တောင်ဘက်တွင် တနင်္သာရီမြို့နယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်နှင့် ထိစပ်နေကာ တောင်ကုန်းတောင်တန်းများ ပေါများသည့် မြို့နယ်တစ်ခုဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိ သည့် မြိတ်မြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့် ဆုံး အပူချိန်သည် ၁၇ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန် သည် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြစ်၍ ပျမ်းမျှ မိုးရေ ချိန်သည် ၁၅၈ ဒသမ ၀၄ လက်မ ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ မြိတ်မြို့နယ်၏ လူဦးရေသည် ၂၆၁၀၉၁ ဦး ဖြစ်ပြီး မြို့နယ်လူဦးရေ ၏ ၉၁ ဒသမ ၇၉ ရာခိုင်နှုန်းသည် ဗမာလူမျိုးများဖြစ်၍ ကရင်၊ မွန်နှင့် အခြားလူမျိုးများလည်း နေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၈၆ ဒသမ ၆၄ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိသည်။

ဒေသနေပြည်သူများသည် စိုက်ပျိုးရေး၊ ကုန်သွယ် ရေးနှင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြကာ မြို့နယ်၏ အဓိက ထွက်ကုန်သည် ရော်ဘာ၊ ကွမ်းသီး၊ ငှက်သိုက်နှင့် သီဟိုဠ် သရက်ဖြစ်သည်။ အသားတင်စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၈၉၂၂၈ ဧကတွင် စပါး၊ ရော်ဘာနှင့် ဆီအုန်းကို စိုက်ပျိုးကြကာ မြို့နယ်ဆန်ဖူလုံမှုသည် ၇၅ ဒသမ ၆၁ ရာ ခိုင်နှုန်းဖြစ်သည်။ ရေချိုရေငန်ငါးဖမ်းလုပ်ငန်းအပြင် နွား၊ဝက်၊သိုး၊ ဆိတ်၊ ကြက်နှင့်ဘဲတို့ကိုလည်း မွေးမြူသည်။

မြိတ်မြို့နယ်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ မြိတ် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် နှင့်နည်းပညာ အထက်တန်းကျောင်းတို့ကို ဖွင့်လှစ်ထား သည်။ ထို့အတူ အခြေခံပညာကဏ္ဍ၌ အထက်တန်းကျောင်း ၁၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ကိုးကျောင်း၊ အလယ် တန်းကျောင်း ခြောက်ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ ၁၅ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်း ၉၇ ကျောင်းဖွင့်လှစ်ထားသည်။ ကျန်းမာရေးကဏ္ဍ၌ ခုတင် ၂၀၀ ဆံ့ အစိုးရဆေးရုံကြီး၊ ပုဂ္ဂလိကဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခြောက်ခုနှင့် ကျန်းမာရေး ဌာနခွဲ ၂၅ ခုဖွင့်လှစ်ထားသည်။ မြိတ်မြို့နယ်တွင် ဘုရား စေတီ ၈၆ ဆူရှိ သည်။ မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ လေးကျွန်း ဆီမီးစေတီတော်၊ အင်္ဂလိပ်အရေးပိုင် မောလစ်ကောလစ် နေထိုင်ခဲ့သည့် အရေးပိုင် အိမ်ကြီးနှင့် မြိတ်ကျွန်းစုများသည် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားကြသည့်နေရာများဖြစ်ကြသည်။

ကျွန်းစုမြို့နယ်သို့

ကျွန်းစုမြို့နယ်သည် မြိတ်မြို့ အနောက်ဘက်တွင် တည်ရှိကာ ၁၉၈၁ ခုနှစ်တွင် ကတန်ကျွန်းပေါ်ရှိ ကတ္တလူ ကျေးရွာအုပ်စု၊ ကမ်းဇော်တာကျေးရွာကို မြို့ကွက်ရိုက်၍ မြိတ်အနောက်မြို့နယ်အဖြစ် ထူထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် တွင် ကျွန်းစုမြို့နယ်ဟု သတ်မှတ်ခဲ့သည်။

ကျွန်းစုမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၀ ဒီဂရီ ၁၅ မိနစ်နှင့် ၁၂ ဒီဂရီ ၄၅ မိနစ်အကြား၊ အရှေ့လောင်ဂျီ တွဒ် ၉၈ ဒီဂရီ ၀၁ မိနစ်နှင့် ၉၈ ဒီဂရီ ၅၅ မိနစ် အကြား၌ တည်ရှိကာ ၁၈၃၈ ဒသမ ၄၈ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၂၀၊ ကျေးရွာ ၁၈၇ ရွာဖြင့် ဖွဲ့စည်းထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ကျွန်းစုမြို့ နယ်တွင် ကျွန်း ၂၁၀ ရှိ၍ ၁၁၂ ကျွန်းတွင် လူများ နေထိုင်ကြသည်။ ကျွန်းစုမြို့နယ်၏ အရှေ့ဘက်တွင် မြိတ်နှင့် တနင်္သာရီမြို့နယ်၊ အနောက်ဘက်တွင် ကပ္ပလီ ပင်လယ်၊တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ်နှင့် မြောက် ဘက်တွင် ပုလောမြို့နယ်တို့တည်ရှိကာ ပင်လယ်ရေ ဝန်းရံထားသည့် ကျွန်းများတွင် တောင်ကုန်းတောင် တန်းများ ပေါများသည်။ ပူအိုက်စွတ်စိုသော ရာသီ ဥတုရှိသည့် ကျွန်းစုမြို့နယ်တွင် လွန်ခဲ့သည့် လေးနှစ် အတွင်း အနိမ့်ဆုံး အပူချိန်သည် ၂၀ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၃၄ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှမိုးရေချိန်သည် ၂၃၀ ဒသမ ၆၁လက်မ ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ကျွန်းစုမြို့နယ်လူဦးရေသည် ၁၇၈၉၄၉ ဦးဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၉၁ ဒသမ ၇၉ ရာခိုင် နှုန်းသည် ဗမာလူမျိုးများဖြစ်၍ ကရင်၊ မွန်နှင့် အခြား လူမျိုး အနည်းငယ်လည်း နေထိုင်ကြသည်။ မြို့နယ် လူဦးရေ၏ ၈၆ ဒသမ ၆၄ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း ရှိသည်။

ဒေသနေပြည်သူများသည် ရေလုပ်ငန်းနှင့် ဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်၏ အဓိက ထွက်ကုန်သည် ငါးပိ၊ငါးခြောက်နှင့် ပုစွန်ခြောက်ဖြစ်သည်။ ကျွန်းစုမြို့နယ်တွင် အသား တင်စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၆၅၁၈၅ ဧကရှိပြီး စပါး၊ ရော်ဘာနှင့် အုန်းပင်များကို စိုက်ပျိုးကြကာ မြို့နယ် ဆန်ဖူလုံမှုသည် ၃၃ ဒသမ ၈၂ ရာ ခိုင်နှုန်း ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းအပြင် နွား၊ဝက်၊သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကို မွေးမြူသည်။

ကျွန်းစုမြို့နယ်တွင် အထက်တန်းကျောင်း ခြောက် ကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်းကျောင်း ၁၅ ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၉ ကျောင်း၊ မူလတန်းလွန်နှင့်မူလတန်းကျောင်း ၉၆ ကျောင်းဖွင့်လှစ်ထားသည်။ ထို့အတူ ၂၅ ခုတင်ဆံ့ မြို့နယ် အစိုးရဆေးရုံ၊ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ ငါးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခြောက်ခုနှင့် ကျန်းမာ ရေးဌာနခွဲ ၃၃ ခုဖွင့်လှစ်ထားသည်။ ကျွန်းစုမြို့နယ်၏ အထင်ရှားဆုံးဘုရားသည် ပတက်ကျေးရွာရှိ မဟာ အတုလရံသီ ရွှေသာလျောင်းဘုရားဖြစ်သည်။

တနင်္သာရီမြို့နယ်သို့

တနင်္သာရီမြို့သည် မြိတ်မြို့မှ အရှေ့တောင်ဘက်သို့ ၇၆ ကီလိုမီတာကွာဝေး၍ တနင်္သာရီမြစ်နှင့် ချောင်းငယ် မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ တနင်္သာရီမြို့နယ် အတွင်းရှိ ဓားသွေးချောင်းသည် အလောင်းမင်းတရား ဦးအောင်ဇေယျ ထိုင်းသို့ စစ်ချီခဲ့စဉ်က ဓားသွေးခဲ့သည့် နေရာအဖြစ် ထင်ရှားခဲ့သည်။

တနင်္သာရီမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၅ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၁၂ မိနစ် အကြား၌ တည်ရှိကာ အရှေ့အနောက် ၅၈ မိုင်နှင့် တောင်မြောက် ၁၄၃ မိုင်ရှည်လျား၍ ၄၃၈၀ ဒသမ ၀၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြို့နယ်ကို မြို့နှစ်ခု (တနင်္သာရီနှင့် မောတောင်) ရပ်ကွက် ငါး ခု၊ ကျေးရွာအုပ်စု ၁၉ အုပ်စု ၊ ကျေးရွာ ၁၇၆ ရွာဖြင့် ဖွဲ့စည်းထားသည်။

တနင်္သာရီမြို့နယ်၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် မြိတ်၊ ပုလောနှင့်ကျွန်းစုမြို့နယ်၊ တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ်နှင့် မြောက်ဘက် တွင် ထားဝယ်မြို့နယ်နှင့် ထိစပ်နေသည်။

မိုင် ၂၇၀ ရှည်လျားသည့် တနင်္သာရီမြစ်သည် တနင်္သာရီမြို့နယ်အတွင်း၌ ၁၃၈ မိုင် ဖြတ်သန်းစီးဆင်းနေ သည်။ မြို့နယ်ဧရိယာ၏ ၆၄ ဒသမ ၃၃ ရာခိုင်နှုန်းကို သစ်တောများက ဖုံးလွှမ်းထားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀ မြင့်ပြီး သမမျှတသော ရာသီဥတုရှိသည့် တနင်္သာရီမြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့်ဆုံးအပူသည် ၁၄ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၄၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ဖြစ်၍ ပျမ်းမျှမိုးရေချိန်သည် ၁၇၁ ဒသမ ၂၃ လက်မ ဖြစ်သည်။

၂၀၁၈ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ တနင်္သာရီမြို့နယ်လူဦးရေသည် ၁၀၁၈၄၂ ဦး ဖြစ်၍ မြို့နယ်လူဦးရေ ၏ ၈၅ ဒသမ ၉၇ ရာခိုင် နှုန်းသည် ဗမာလူမျိုးများဖြစ်၍ ကရင်၊ မွန်၊ ရခိုင်နှင့် အခြားလူမျိုးများလည်း နေထိုင်ကြသည်။ မြို့နယ်လူဦး ရေ၏ ၈၂ ဒသမ ၀၆ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း နေထိုင်ကြသည်။

ဒေသနေပြည်သူများသည် ဥယျာဉ်စိုက်ပျိုးခြင်း လုပ်ငန်းဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန်သည် ကွမ်းသီး၊ ရော်ဘာနှင့် ဆီအုန်း ဖြစ်သည်။ ကျွန်းစုမြို့နယ်တွင် အသားတင် စိုက်ပျိုးနိုင် သည့် မြေဧရိယာ ၁၂၀၄၃၅ ဧကတွင် စပါး၊ ဆီအုန်း၊ ရော်ဘာနှင့်ကွမ်းသီးပင်များကို စိုက်ပျိုးကြကာ မြို့နယ် ဆန်ဖူလုံမှုသည် ၁၂၇ ဒသမ ၂၂ ရာ ခိုင်နှုန်း ဖြစ်သည်။ ရေငန်ငါးဖမ်းလုပ်ငန်းအပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့်ဘဲတို့ကို မွေးမြူကြသည်။

တနင်္သာရီမြို့နယ်တွင် အထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၂ကျောင်း၊ မူလတန်းလွန်နှင့်မူလတန်း ကျောင်း ၉၄ ကျောင်းဖွင့်လှစ်ထားသည်။ ထို့အတူ ခုတင် ၅၀ ဆံ့ တနင်္သာရီမြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန လေးခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂၂ ခု ဖွင့်လှစ် ထားသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တောင်ဘက် စွန်းတွင်တည်ရှိကာ ရန်ကုန်မြို့မှ မော်တော်ကား လမ်းအတိုင်း ၁၂၈၉ ကီလိုမီတာ ကွာဝေးသည်။ ကော့သောင်းခရိုင်ကို ကော့သောင်းနှင့် ဘုတ်ပြင်းမြို့ နယ်တို့ ဖြင့် ဖွဲ့စည်းထားရာ မြိတ်မြို့မှ မော်တော် ကား ဖြင့်လာလျှင် ကော့သောင်းမြို့မှ မြောက်ဘက် ၂၁၀ ကီလိုမီတာကွာဝေးသည့် ဘုတ်ပြင်းမြို့သို့ ဦးစွာရောက် ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ၁၈၉၃ ခုနှစ်တွင် ဘုတ်ပြင်းသည် ထိုင်းလက်အောက်သို့ ကျရောက် ခဲ့ပြီး အလောင်းမင်းတရား လက်ထက်တွင် မြန်မာပိုင် နယ်မြေဖြစ်လာခဲ့ကာ ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး တွင် အင်္ဂလိပ်လက်အောက်သို့ရောက်ရှိခဲ့သည်။ တော်လှန် ရေးကောင်စီအစိုးရ မတက်မီအချိန်အထိ ဘုတ်ပြင်းကို မြို့ပိုင်အဆင့်ဆင့်က အုပ်ချုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၁၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၄၅ မိနစ် အကြား၌ တည်ရှိကာ ၂၅၀၄ ဒသမ ၀၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဘုတ်ပြင်း မြို့နယ်ကို မြို့သုံးခု(ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်နှင့် ကရသူရိ) ရပ်ကွက် ရှစ်ခု၊ ကျေးရွာ အုပ်စု ၂၀ ၊ ကျေးရွာ ၁၀၅ ရွာဖြင့် ဖွဲ့စည်းထားသည်။

ဘုတ်ပြင်းမြို့နယ်သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် ကော့သောင်း မြို့နယ်နှင့် မြောက်ဘက်တွင် တနင်္သာရီမြို့ နယ်တို့နှင့် ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၁၅ ပေ မြင့်ပြီး ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် ဘုတ်ပြင်းမြို့နယ်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အနိမ့် ဆုံးအပူချိန် သည် ၁၂ ဒသမ ၂၂ စင်တီဂရိတ်၊ အမြင့်ဆုံး အပူချိန်သည် ၃၆ ဒသမ ၆၆ ဒီဂရီ စင်တီဂရိတ်နှင့် ပျမ်းမျှ မိုးရေချိန်သည် ၁၈၉ ဒသမ ၀၉ လက်မ ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေ ၆၆၈၈၈ ဦး နေထိုင်၍ မြို့နယ်လူဦးရေ ၏ ၈၂ ဒသမ ၂၀ ရာခိုင် နှုန်းသည် ဗမာလူမျိုးများဖြစ်၍ ကရင်၊ မွန်၊ ရှမ်းနှင့် အခြား လူမျိုးအနည်းငယ် နေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၈၂ ဒသမ ၀၆ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ၁၀ ဒသမ ၅၈ ရာခိုင်နှုန်း(၇၀၇၈ ဦး) သည် အစ္စလာမ်ဘာသာ ကို ကိုးကွယ်ပြီး ခရစ်ယာန်နှင့် ဟိန္ဒူ ကိုးကွယ်သူများလည်း ရှိသည်။

ဒေသနေပြည်သူများသည် စိုက်ပျိုးရေးနှင့် ရေ လုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်၏ အဓိကထွက်ကုန်သည် ကွမ်းသီး၊ ရော်ဘာနှင့် ဆီအုန်းဖြစ် သည်။ ဘုတ်ပြင်းမြို့နယ်တွင် အသားတင်စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၁၈၉၇၂၃ ဧကတွင် စပါး၊ ဆီအုန်း၊ ရော်ဘာနှင့် ကွမ်းသီးပင်များကို စိုက်ပျိုးကြကာ မြို့နယ်ဆန်ဖူလုံမှုသည် ၄၈ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။ ရေငန်ငါးဖမ်း လုပ်ငန်း အပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့်ဘဲတို့ကို မွေးမြူ သည်။

ဘုတ်ပြင်းမြို့နယ်တွင် အထက်တန်းကျောင်း ငါးကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၀ ကျောင်း၊ မူလတန်းလွန်နှင့်မူလတန်းကျောင်း ၇၁ ကျောင်းဖွင့်လှစ်ထားသည်။ ထို့အတူ ခုတင် ၁၀၀ ဆံ့ တပ်မတော် ဆေးရုံ၊ ခုတင် ၅၀ ဆံ့ ဘုတ်ပြင်းမြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ နှစ်ရုံ၊ ၂၄ ခုတင်ဆံ့ ပုဂ္ဂလိက ဆီအုန်းလုပ်ငန်းဆေးရုံ၊ကျေးလက်ကျန်းမာရေးဌာန သုံး ခုနှင့် ကျန်းမာရေးဌာနခွဲ ၁၄ ခု ဖွင့်လှစ်ထားသည်။ ဘုတ်ပြင်း မြို့နယ်၌ ဘုရား၊စေတီ ၂၈ ဆူရှိပြီး ဘုတ်ပြင်းမြို့ပေါ်ရှိ ရွှေသာလျောင်းစေတီ၊ ကိုးနဝင်းစေတီ၊ အောင်တော်မူ စေတီနှင့် ပြည်ကြီး မဏ္ဍိုင်မြို့ရှိ ပြည်လုံးချမ်းသာဘုရား၊ အောင်ရန်ကင်းစေတီတို့သည် ထင်ရှားကြသည်။

ကော့သောင်းသို့

ကော့သောင်းသည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံး၌တည်ရှိကာ တစ်ချိန်က ထိုင်းနိုင်ငံမှ မှောင်ခို ပစ္စည်းများ အဓိက ဝင်ရောက်သည့် နေရာဖြစ်ခဲ့သည်။ မြန်မာဘုရင်များလက်ထက်က တနင်္သာရီကမ်းမြောင်ဒေသ များကို မြန်မာကပိုင်သည့် အချိန်ရှိသကဲ့သို့ ထိုင်းကပိုင် သည့်အချိန်များလည်း ရှိခဲ့သည်။ ၁၇၅၉ ခုနှစ်တွင် အလောင်းမင်းတရားသည် ထိုင်းတို့ကို အောင်နိုင်ခဲ့ပြီး နောက် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ မသိမ်းယူမီအထိ တနင်္သာရီဒေသကို မြန်မာတို့က ပိုင်ဆိုင်ခဲ့ရာ ကော့သောင်း နယ်လည်း ပါဝင်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ကော့သောင်း မြို့ကို ဗစ်တိုးရီးယား ပွိုင့် အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ယခု ကော့သောင်းမြို့အနီးရှိ ကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာဖြင့် ဒကော့စွန်း ဟုခေါ်ကြရာမှ ကော့သောင်း ဟု ပြောင်းလဲခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။

ကော့သောင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၅၈ မိနစ်နှင့် ၁၀ ဒီဂရီ ၅၅ မိနစ်အကြား၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၂၇ မိနစ်နှင့် ၉၈ ဒီဂရီ ၅၆ မိနစ်အကြား၌ တည်ရှိကာ အရှေ့အနောက် ၂၄ မိုင်နှင့် တောင်မြောက် ၆၄ မိုင်ရှည်လျား၍ ၁၀၃၈ ဒသမ ၉၉ စတုရန်းမိုင် ကျယ်ဝန်း သည်။ ကော့သောင်း မြို့နယ်ကို မြို့နှစ်မြို့(ကော့သောင်းနှင့် ခမောက်ကြီး)ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၈ အုပ်စု ၊ ကျေးရွာ ၉၁ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၀၂ ခုနှစ်တွင် ခမောက်ကြီးမြို့ကို ဖွဲ့စည်းခဲ့သည်။

ကော့သောင်းမြို့နယ်၏အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် ပါချန်မြစ်နှင့် မြောက်ဘက်တွင် ဘုတ်ပြင်းမြို့နယ်တည် ရှိသည်။ ကော့သောင်းမြို့နယ်တွင် ကျွန်း ၉၃ ကျွန်းရှိပြီး ရတနာကျွန်း၊ သူဌေးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်း၊ ဆလုံကျွန်းနှင့် မွေတော်ကျွန်းအပါအဝင်ကျွန်း ၂၀ တွင် လူများနေထိုင်ကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၄ ပေ မြင့်၍ ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် ကော့သောင်း မြို့နယ်တွင် လွန်ခဲ့သည့် သုံး နှစ်အတွင်း အနိမ့်ဆုံးအပူ ချိန်သည် ၁၆ ဒီဂရီ စင်တီဂရိတ်၊ အမြင့်ဆုံးအပူချိန်သည် ၃၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်၍ ပျမ်းမျှမိုးရေချိန်သည် ၁၂၈ ဒသမ ၀၂ လက်မ ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းများအရ ကော့သောင်းမြို့နယ် လူဦးရေသည် ၁၁၀၀၉၄ ဦး ဖြစ်၍ မြို့နယ်လူဦးရေ ၏ ၇၈ ဒသမ ၅၁ ရာခိုင်နှုန်းသည် ဗမာလူမျိုးများဖြစ်၍ ကရင်၊ မွန်၊ ရခိုင်နှင့် အခြားလူမျိုးများလည်း နေထိုင်ကြသည်။ မြို့နယ်လူဦးရေ ၏ ၈၅ ဒသမ ၄၃ ရာခိုင်နှုန်းသည် ဗုဒ္ဓ ဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်း နေထိုင်ကြ သည်။

ဒေသနေပြည်သူများသည် ရေလုပ်ငန်း၊ ရော်ဘာနှင့် စားအုန်းဆီပင် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းများဖြင့် အသက်မွေးကြကာ မြို့နယ်၏ အဓိက ထွက်ကုန်သည် သားငါးဖြစ်ကာ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချကြသည်။ မြို့နယ်၏အသားတင်စိုက်ပျိုး နိုင်သည့် မြေဧရိယာ ၁၅၁၀၅၂ ဧကတွင် ဆီအုန်းနှင့် ရော်ဘာများကို အများဆုံးစိုက်ပျိုးကြသည်။ မြို့နယ် ဆန်ဖူလုံမှုသည် ၁၁ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်သည်။ ငါးဖမ်းလုပ်ငန်းအပြင် နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဘဲတို့ကို မွေးမြူသည်။

ကော့သောင်း မြို့နယ်တွင် အထက်တန်းကျောင်း ကိုးကျောင်း၊ အထက်တန်းကျောင်းခွဲ လေးကျောင်း၊ အလယ်တန်း ကျောင်း လေးကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ ၁၅ ကျောင်း၊ မူလတန်းလွန်နှင့်မူလတန်း ကျောင်း ၆၂ ကျောင်း ဖွင့်လှစ်ထားသည်။ ထို့အတူ ခုတင် ၁၉၉ ဆံ့ ကော့သောင်းမြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ သုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ငါး ခုနှင့် ကျန်းမာရေး ဌာနခွဲ ၂၁ ခု ဖွင့်လှစ်ထားသည်။

ကော့သောင်းမြို့နယ်တွင် ဘုရားစေတီ ၇၁ ဆူရှိကာ ကော့သောင်းမြို့ရှိ ပြည်တော်အေးစေတီ၊ လျောင်းတော် မူ ရုပ်ပွားတော် ၊ လောကမာန်အောင်ဘုရားတို့သည် ထင်ရှားကြကာ ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ဘုရင့်နောင်ရုပ်တု၊ ၂၄၂၁ ပေ ရှည်လျား သည့် ပုလုံးတုံးတုံး ပင်လယ်ဖြတ် သစ်သားတံတားနှင့် ပုလုံးတုံးတုံးကမ်းခြေ၊ ကော့သောင်းမြို့မှ ၁၀ မိုင် ကွာဝေးသည့် တာညုံပါဒကျေးရွာရှိ ဆယ်မိုင်ကမ်းခြ၊ကော့သောင်းမြို့မှ ၂၄ မိုင် ကွာဝေးသည့် မလိဝမ်း ကျေးရွာရှိ မလိဝမ်းရေတံခွန်နှင့် ရေပူစမ်းတို့သည် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားနေလေ့ ရှိပေသည်။

မြန်မာနိုင်ငံ တောင်ဘက်စွန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးသည် စားအုန်းဆီပင်၊ ကွမ်းသီးနှင့် သီဟိုဠ်သရက် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းတို့ဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်နေသည့် ဒေသ တစ်ခုဖြစ်သည်။ ယခုအခါ တနင်္သာရီတိုင်းဒေသကြီး သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာသည်နှင့် အမျှ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ သည်လည်း တိုးတက်လျက်ရှိနေကြောင်း တွေ့ရှိခဲ့ရ ပေသည်။ ။

မောင်သာ(ရှေးဟောင်းသုတေသန)