မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှ ကျင်းပပြုလုပ်သည့် ’’ Seminar on Knowledge Sharing for Better Dams’’  ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်  ၂၆   မေ 

 

မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှ ကျင်းပပြုလုပ်သည့် ’’Seminar on Knowledge Sharing for Better Dams’’  ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲ ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ရေနှင့်ပတ်သတ်သည့်ပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် The International Commission on Large Dams ကို အတက်ပညာဆိုင်ရာ သတင်းအချက်အလက်နှင့် ဒီဇိုင်းပုံစံတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် နောင်တွင်ဖြစ်ပေါ်နိုင်မည့် Large dams များ၏ အကျိုးသက်ရောက်မှုဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနိုင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုအဖြစ် ၁၉၂၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဗဟိုဌာနရုံးအဖြစ် စတင် တည်ထောင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဖွဲ့ဝင် ၁၀ဝ ရှိသည့် အမျိုးသားအဆင့် ကော်မတီများ ပါဝင်လျက်ရှိသည်ဟု သိရပါကြောင်း၊အဖွဲ့ဝင်ကော်မ တီများအနေဖြင့် ယနေ့ဖတ်ကြားမည့် သုတေသနစာတမ်း ၉ စောင်အပါအဝင် သုတေသနစာတမ်း ၃၂ စောင်ကို ဖတ်ကြားတင်သွင်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တမံကြီးများဆိုင်ရာ ကော်မတီဝင် များအနေဖြင့် မိမိတို့၏ ဌာနတာဝန်များမှ အနားယူ ခဲ့ကြသော်လည်း နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို ရည်မှန်း၍  မိမိတို့၏ အသိပညာ၊အတက်ပညာ ဗဟုသုတများ ကို ကိုယ်အား၊ဉာဏ်အားစိုက်ထုတ်ပြီး ဆောင်ရွက်ပေးနေသည့်အတွက် နိုင်ငံတော် အစိုးရကိုယ်စား၊ အများပြည်သူတို့၏ကိုယ်စား မိမိအနေဖြင့် အထူးကျေးဇူးတင် ဂုဏ်ပြု အပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့မှ စာတမ်းရှင်များအားလုံးကိုလည်း ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ စာတမ်းရှင် ဦးမျိုးမြင့်က  Opinion Pieces Relating to Safety of Large Dams ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကစာတမ်းရှင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးမျိုးမြင့်အား Certificate လက်မှတ်ကို ပေးအပ်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စာတမ်းရှင် ၉ ဦးက တမံနှင့်သက်ဆိုင်သည့် စာတမ်းများကို ဖတ်ကြားကြသည်။

 

မေ ၂၅ ရက် ညနေပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည်အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တွံတေးမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် ငါးသိပ္ပံ သင်တန်းကျောင်း သို့ရောက်ရှိပြီး တင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်နေကြ သည့် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးကြိုးပမ်း ဆောင်ရွက်ရန် ဆွေးနွေးမှာ ကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်လျက်ရှိသော အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြကြသည်။ 

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ၂ခုအကြား ငါးလုပ်ငန်းကျယ်ပြန်စွာဆောင်ရွက်သည့် ဒေသ တစ်ခု၌ ပထမဆုံးဖွင့်လှစ်မည့် ငါးသိပ္ပံသင်တန်းကျောင်း ဖြစ်သည်နှင့်အညီ အဆောက် အအုံများ အရည်အသွေးပြည့်မီမှုသည် သင်တန်းကျောင်း၏ ပုံရိပ်တစ်ခု ဖြစ်သကဲ့သို့ တာဝန်ယူတည်ဆောက်ကြသည့် ကုမ္ပဏီများ၏ ဂုဏ်သတင်းပုံရိပ်ဖြစ်သည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးနှင့်ပတ်သက်သည့် အရည်အသွေးပိုင်း ငွေကြေးပိုင်း နှင့် စာရင်းဇယားပိုင်းတို့အပေါ် စစ်ဆေးခံနိုင်မှုရှိစေရေးကိုပါ တပြိုင်တည်း ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)

 

5262019