မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာ

ရန်ကုန်၊ ဇူလိုင် ၁၀

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇူလိုင် ၁၁ ရက်မှ  ၁၃ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေး (South East Asian Games Federation  Council Meeting) သို့ တက်ရောက်ရန်အတွက်  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အဖွဲ့ဝင် (၅) ဦး  တို့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ  ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့သည်  SEAGF Council Meeting သို့ တက်ရောက်မည်ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က SEAGF Sports  and  Rule Committee အစည်းအဝေးကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦး က SEAGF Medical အစည်းအဝေးကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ က SEAGF Women and Sports  Committee အစည်းအဝေးကို   လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် က SEAGF Broadcast Committee အစည်းအဝေးကို လည်းကောင်း တက်ရောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်